ရထားပေါ်မှ ဖုန်းလုယက်သူအား ဖမ်းမိကာ တွဲလောင်းခိုခဲ့ရ
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင် ရထားထွက်ခွာစဉ် ခရီးသည်တစ်ဦး၏ ဖုန်းကို လုယက်ရန် ကြိုးပမ်းခဲ့သည်ဟု သံသယရှိသူတစ်ဦးကို ရထားပေါ်ရှိ ခရီးသည်များက လက်နှစ်ဖက်မှ ဆွဲကိုင်တားဆီးခဲ့ရာ ရွေ့လျားနေသည့် ရထားအပြင်ဘက်တွင် တွဲလောင်းခိုခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ဘီဟာပြည်နယ်၊ ဘာဂယ်လ်ပူခရိုင်ရှိ ရှီဗ်နာရာယန်ပူရ် (Shivnarayanpur) မီးရထားဘူတာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
သတင်းများအရ ရထားစတင်ထွက်ခွာချိန်တွင် အမျိုးသားတစ်ဦးက ရထားပြတင်းပေါက်မှတစ်ဆင့် ခရီးသည်တစ်ဦး၏ မိုဘိုင်းဖုန်းကို လုယူရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ ယင်းကို ရထားပေါ်ရှိ ခရီးသည်များက သတိပြုမိခဲ့ပြီး ၎င်း၏လက်နှစ်ဖက်ကို ဆွဲကိုင်တားဆီးခဲ့ကြသည်။
ရထားစတင်ရွေ့လျားလာသော်လည်း ခရီးသည်များက လက်ကိုမလွှတ်ဘဲ ဆက်လက်ဆွဲကိုင်ထားခဲ့သဖြင့် အဆိုပါအမျိုးသားသည် ရထားအပြင်ဘက်တွင် တွဲလောင်းခိုလျက် လိုက်ပါခဲ့ရသည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဗီဒီယို၌ ၎င်းသည် ရထားရွေ့လျားနေစဉ် ပြုတ်မကျစေရန် အားစိုက်ရုန်းကန်နေသည်ကို တွေ့ရသည်။
ထို့နောက် အဆိုပါအမျိုးသားသည် ပလက်ဖောင်းပေါ်သို့ ပြုတ်ကျခဲ့ပြီး ဘူတာရှိ လုံခြုံရေးဝန်ထမ်းများက ထိန်းသိမ်းခဲ့ကြောင်း သတင်းများက ဖော်ပြသည်။
ဖြစ်စဉ်၏ ဗီဒီယိုသည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ရထားဘူတာများတွင် ခရီးသည်များ၏ မိုဘိုင်းဖုန်းနှင့် အဖိုးတန်ပစ္စည်းများ လုယက်ခံရနိုင်သည့် အန္တရာယ်အပေါ်လည်း အာရုံစိုက်မှု မြင့်တက်လာခဲ့သည်။
