Logo
Sunday, November 8, 2026
Back to Home
International News

ဥရောပနိုင်ငံများရှိ စူပါမားကတ်အချို့၏ အအေးပေးစနစ်များ ဆိုက်ဘာတိုက်ခိုက်ခံရပြီး အစားအသောက်များ ပျက်စီးဆုံးရှုံး

By Admin•November 4, 2026
ဥရောပနိုင်ငံများရှိ စူပါမားကတ်အချို့၏ အအေးပေးစနစ်များ ဆိုက်ဘာတိုက်ခိုက်ခံရပြီး အစားအသောက်များ ပျက်စီးဆုံးရှုံး

ဥရောပနိုင်ငံအချို့ရှိ စူပါမားကတ်များ၏ ရေခဲသေတ္တာနှင့် အအေးပေးစနစ်များကို Hacker များက အဝေးမှ ဝင်ရောက်ထိန်းချုပ်တိုက်ခိုက်ခဲ့သဖြင့် အသား၊ ငါးနှင့် အခြားအစားအသောက်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ အိုင်ယာလန်နှင့် အက်စတိုးနီးယားနိုင်ငံတို့ရှိ စူပါမားကတ်ဆိုင်ခွဲများတွင် အအေးပေးစနစ်ဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း Hacker များသည် စူပါမားကတ်များ၏ အအေးပေးစက်များတွင် အသုံးပြုသည့် အပူချိန်ထိန်းချုပ်စနစ်များကို အဝေးမှ ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး အချို့နေရာများတွင် အပူချိန်ကို ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြှင့်တင်ခဲ့ကြောင်း သိရသည်။ ယင်းကြောင့် အအေးခန်းများအတွင်း သိုလှောင်ထားသည့် အစားအသောက်များ ပျက်စီးခဲ့ပြီး ရောင်းချရန်မသင့်တော့သည့် ကုန်ပစ္စည်းများကို စွန့်ပစ်ခဲ့ရသည်။ နိုင်ငံအလိုက် ထိခိုက်မှုများအနေဖြင့် ဆွီဒင်နိုင်ငံရှိ Coop ဆိုင်ခွဲ ၆ ဆိုင်၊ ဘယ်လ်ဂျီယံနိုင်ငံရှိ Carrefour ဆိုင် ၁၅ ဆိုင်၊ အိုင်ယာလန်နိုင်ငံရှိ SuperValu ဆိုင် ၁၃ ဆိုင်အပြင် အခြားစူပါမားကတ်လုပ်ငန်းများတွင်လည်း အအေးပေးစနစ်ဆိုင်ရာ ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်များသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြင်သစ်နိုင်ငံ၌ ဖြစ်ပွားခဲ့သော အလားတူ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်လည်း ဆင်တူနေသည်။ ပြင်သစ်နိုင်ငံတွင်လည်း စူပါမားကတ်များနှင့် အစားအသောက်ဆိုင်များ၏ အအေးပေးစနစ်များ ထိခိုက်ခဲ့ပြီး အစားအသောက်များ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

887012835_1608699323589030_7152166084060657226_n

လက်ရှိအချိန်အထိ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သည့်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များ ပါဝင်ပတ်သက်နေသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးသလို ဖြစ်စဉ်အားလုံးသည် တစ်ဖွဲ့တည်း၏ လက်ချက်ဟုတ်မဟုတ်ကိုလည်း စုံစမ်းနေဆဲဖြစ််ပါသည်။

#နိုင်ငံတကာ #ဆိုက်ဘာတိုက်ခိုက်မှု #သတင်းစုံ #နည်းပညာ #သုတမြေ