ကျားထီး ဂျက်ဆင်နှင့် ကျားမ ဝိုင်းချစ်တို့မှ ကျားပေါက် ၄ ကောင် မွေးဖွား
ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်တို့၌ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် ကျန်းမာသန်စွမ်းသည့် ကျားပေါက် ၄ ကောင် အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း Yangon Zoo ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကျားပေါက် ၄ ကောင်မှာ ကျားထီး ဂျက်ဆင်နှင့် ကျားမ ဝိုင်းချစ်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ပထမ ၂ ကောင်ကို ဩဂုတ် ၃၁ ရက် ည ၁၀ နာရီ ၆ မိနစ်နှင့် ည ၁၀ နာရီ ၅၃ မိနစ်တို့တွင် မွေးဖွားခဲ့သည်။ ကျန် ၂ ကောင်ကို စက်တင်ဘာ ၁ ရက် နံနက် ၄ နာရီ ၉ မိနစ်နှင့် နံနက် ၅ နာရီတွင် အသီးသီး မွေးဖွားခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်များ မျိုးပွားခြင်းသည် သဘာဝဖြစ်စဉ်တစ်ရပ်ဖြစ်သော်လည်း တိရစ္ဆာန်ဥယျာဉ်များအတွင်း မျိုးပွားမှုအခြေအနေ၊ ကျန်းမာရေးနှင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် စနစ်တကျ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
Htoo Zoos & Gardens Business Unit အနေဖြင့်လည်း နိုင်ငံခြားပညာရှင်များ၏ Workshop နှင့် Training များမှ ရရှိသည့် အသိပညာ၊ နည်းပညာများနှင့် SEAZA Guidelines များကို အခြေခံ၍ တိရစ္ဆာန်ဥယျာဉ်များတွင် Animal Collection Plan များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
