ရှီကျင့်ဖျင်နှင့် ထရမ့် တစ်နှစ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံ၊ ကုန်သွယ်ရေးနှင့် နိုင်ငံတကာရေးရာများ ဆွေးနွေး
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ထိပ်သီးတွေ့ဆုံဆွေးနွေးမှုအဖြစ် ဝါရှင်တန်မြို့၌ တွေ့ဆုံခဲ့ကြပြီး အခွန်အကောက်များ၊ ရှားပါးသတ္တုများ၊ ဉာဏ်ရည်တု (AI) နည်းပညာနှင့် အခြားအရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
မေလအတွင်း ထရမ့်က ဘေဂျင်းမြို့သို့ သွားရောက်ခဲ့ပြီးနောက် ယခုတွေ့ဆုံမှုကို အမေရိကန်ဘက်က အိမ်ဖြူတော်တွင် တရုတ်ခေါင်းဆောင်အား နိုင်ငံတော်အဆင့် ကြိုဆိုပွဲနှင့် ညစာစားပွဲများဖြင့် ဧည့်ခံခဲ့သည်။
ရှီကျင့်ဖျင် ရောက်ရှိလာချိန်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှု လျှော့ချထားသည့် သဘောတူညီချက်ကို နိုဝင်ဘာ ၁၀ ရက်တွင် သက်တမ်းကုန်ဆုံးမည့်အစား ဆက်လက်တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း အမေရိကန်ဘက်က ထုတ်ပြန်ခဲ့သည်။
သို့သော် နှစ်နိုင်ငံဆက်ဆံရေးအတွင်း ပိုမိုကျယ်ပြန့်သည့် အရေးကြီးသဘောတူညီချက်များ ရရှိမည်ဟု မျှော်လင့်ချက်များမှာ အကန့်အသတ်ရှိခဲ့ပြီး တွေ့ဆုံမှုအပြီး ထွက်ပေါ်လာသည့် ရလဒ်များကလည်း နှစ်နိုင်ငံအပေါ်ရှိ အမြင်များကို သိသိသာသာ ပြောင်းလဲစေခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ခေါင်းဆောင်နှစ်ဦးသည် အရှေ့အလယ်ပိုင်းဒေသ၊ ယူကရိန်းအရေး၊ ကိုရီးယားကျွန်းဆွယ်အရေးနှင့် အခြားပထဝီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
အိမ်ဖြူတော်၏ ပထမသမ္မတကတော်ရုံးက ညစာစားပွဲအတွက် မီနူးသည် နှစ်နိုင်ငံ၏ အစားအသောက်ယဉ်ကျေးမှုများကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ညစာတွင် မှိုနှင့်အတူ အဝါရောင်ဖရုံသီး Velouté၊ နှမ်းစေ့ကပ်ထားသော ပင်လယ်ငါးနှင့် အရွယ်ငယ် ဘော့ချွိုင်ဟင်းတို့ ပါဝင်ပြီး အချိုပွဲအဖြစ် အိမ်ဖြူတော်ရှိ ပျားအုံမှရရှိသည့် ပျားရည်ဖြင့် ပြုလုပ်ထားသော ရေခဲမုန့်နှင့် Vanilla Crémeux ကို တည်ခင်းခဲ့သည်။
