မလေးရှားတွင် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာအကောင့်ဖွင့်လှစ်မှု ပိတ်ပင်
မလေးရှားနိုင်ငံမှာ အသက် ၁၆ နှစ်အောက်တွေ ဆိုရှယ်မီဒီယာအကောင့် ဖွင့်လှစ်မှု ပိတ်ပင်တားမြစ်တဲ့ အစီအစဉ်ကို ဇွန် ၁ ရက်မှာ စတင်လိုက်ပြီဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ တစ်တော့နဲ့ ယူကျုတို့လို ပလက်ဖောင်းတွေအနေနဲ့ အစိုးရ ထုတ်ပေးထားတဲ့ မှတ်တမ်းတွေနဲ့ အသုံးပြုသူတွေရဲ့ အသက်ကို စိစစ်ရမှာပါ။
ဒီစည်းမျဉ်းကို မလိုက်နာတဲ့ ကုမ္ပဏီတွေကို ရင်းဂစ် ၁၀ သန်းအထိ ဒဏ်ကြေးချမှတ်သွားမှာဖြစ်ပြီး ကလေးတွေဘက်က ချိုးဖောက်ခဲ့ရင်တော့ မိဘတွေကို အရေးယူမှာ မဟုတ်ပါဘူး။
ကလေးငယ်တွေကို အွန်လိုင်းပေါ်က အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ ဆိုက်ဘာ အနိုင်ကျင့်မှုတွေကနေ ကာကွယ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။
ဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာ ကော်မရှင်က “ဒီအစီအစဉ်ဟာ ကလေးတွေကို အင်တာနက်မသုံးဖို့ ဒါမှမဟုတ် နည်းပညာနဲ့ အလှမ်းဝေးသွားစေဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
လက်ရှိသုံးစွဲနေတဲ့ ၁၆ နှစ်အောက် ကလေးတွေအတွက်တော့ အသက်စိစစ်ဖို့နဲ့ အချက်အလက်တွေ ပြောင်းရွှေ့ဖို့ ၆ လ အချိန်ပေးသွားမှာပါ။
ဒါပေမဲ့ ဒီလိုပိတ်ပင်တာဟာ ဆယ်ကျော်သက်တွေကို အကာအကွယ်မရှိတဲ့ တခြား အင်တာနက်နေရာတွေဆီ ရောက်သွားစေနိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ Meta ရဲ့ အရှေ့တောင်အာရှ ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ ဒါရိုက်တာ ကလာရာကိုးက သတိပေးပါတယ်။
ဝေဖန်သူတွေကလည်း အစိုးရမှတ်ပုံတင်နဲ့ အသက်စိစစ်ရတာဖြစ်လို့ ကိုယ်ရေးကိုယ်တာ အချက်အလက် ပေါက်ကြားလာမှာကို စိုးရိမ်နေကြပါတယ်။
ဩစတြေးလျ၊ ဘရာဇီးနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေကလည်း ကလေးငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ကန့်သတ်ဖို့ အလားတူ လုပ်ဆောင်နေကြပါတယ်။
