ရွှေကျင်မြို့၌ ၁၇၅ နှစ်မြောက် သီတင်းကျွတ်မီးမျှောပူဇော်ပွဲ စည်ကားစွာကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့တွင် ၁၇၅ နှစ်မြောက် သီတင်းကျွတ်မီးမျှောပူဇော်ပွဲ ရေပွဲကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီမှစတင်ကာ ရွှေကျင်ချောင်းအတွင်း စည်ကားစွာ ကျင်းပလျက်ရှိသည်။ ယခုနှစ်တွင် ရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ မီးကြာခွက် တစ်သိန်းကျော် မျှောပူဇော်သွားမည်ဖြစ်သည်။
ပွဲတော်ကို နှစ်စဉ်အစဉ်အလာအတိုင်း သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့တွင် ကျင်းပခြင်းဖြစ်ပြီး ကရဝိက်ဖောင်တော်ပေါ်ရှိ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ရုပ်ပွားတော်ကို ရွှေကျင်ချောင်းအတွင်း လှည့်လည်အပူဇော်ခံလျက်ရှိသည်။
ထို့ပြင် လှေလှော်ပြိုင်ပွဲ၊ တက်ခုတ်ယိမ်း၊ တက်ပျံယိမ်း၊ ကရင်ရိုးရာဒုံးယိမ်းနှင့် ရှမ်းရိုးရာအကပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။
ညနေ ၅ နာရီခွဲခန့်တွင် ကရဝိက်ဖောင်တော်ကို ရွှေကျင်ချောင်းအတွင်း လက်ယာရစ်သုံးပတ် လှည့်လည်အပူဇော်ခံမည်ဖြစ်ပြီး ညနေ ၆ နာရီကျော်မှစတင်ကာ ရောင်စုံမီးကြာခွက် တစ်သိန်းကျော် မျှောပူဇော်၍ မီးရှူးမီးပန်းများ ပစ်ဖောက်သွားမည်ဖြစ်သည်။
ယခုနှစ်ပွဲတော် ပိုမိုစည်ကားစေရန် ကော်မတီ ၂၂ ခု ဖွဲ့စည်းကာ ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ ကုန်းပွဲနှင့် ရေပွဲဟူ၍ နှစ်ပိုင်းခွဲကျင်းပသည့် ရိုးရာပွဲတော်တွင် အငြိမ့်ပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ ကလေးကစားကွင်းနှင့် ဈေးဆိုင်ခန်း ၅၀၀ ခန့်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
