ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် စာသင်ကျောင်းများ ယာယီပိတ်၊ ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်း
ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်လာသဖြင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်ကာ စာသင်ကျောင်းများ ယာယီပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ကျောင်းဝင်းများနှင့် စာသင်ခန်းများအတွင်း ရေဝင်ရောက်လာပြီး အချို့နေရာများတွင် ရေဝင်ရောက်မှုအမြင့်မှာ တစ်ပေမှ လေးပေအထိ ရှိကြောင်း သိရသည်။
ရေဘေးသင့်သည့် ရပ်ကွက်များမှ ပြည်သူများမှာလည်း ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးနီးစပ်ရာ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။ ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ကလျာဏီ၊ မြို့သစ်၊ မဇင်း၊ ဇိုင်းတောင်နှင့် မဟာမြိုင်ရပ်ကွက်များမှ လူဦးရေ ၁,၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။
“ရေက ညကတည်းက တက်နေတာ။ မြစ်ကမ်းနဲ့နီးတဲ့နေရာတွေဆို ပိုဆိုးတယ်။ မြို့ပေါ်ရပ်ကွက်တော်တော်များများ ရေတက်တယ်။ ရေတအားဝင်တဲ့နေရာတွေက လူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းနေကြတယ်” ဟု ကလျာဏီရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ရေဝင်ရောက်မှုရှိသည့် ရပ်ကွက်များမှ မိသားစုများကို မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီ တိုင်းတာချက်အရ ပဲခူးမြစ်ရေသည် ၉၁၇ စင်တီမီတာအထိ မြင့်တက်လာသဖြင့် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် သတိပေးထားသည်။
ရေပြန်လည်ကျဆင်းပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်သည့်အချိန်တွင် ရပ်နားခဲ့ရသည့် စာသင်ရက်များအတွက် သင်ကြားရေးမထိခိုက်စေရန် အစားထိုးသင်ကြားမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်
