Logo
Thursday, May 14, 2026
Back to Home
International News

မြေဆီလွှာမှတဆင့်ကူးစက်တတ်သော ရောဂါကြောင့် သေဆုံးသူ (၂၃) ဦးအထိ ရှိလာပြီး၊ ကူးစက်မှုအန္တရာယ် ထိုင်းတွင် မြင့်တက်နေ

By AdminApril 19, 2026

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းတွင် Melioidosis (မြေဆီလွှာမှတစ်ဆင့် ကူးစက်သောရောဂါ) ကူးစက်မှုနှုန်း ဆက်လက်မြင့်မားနေခြင်းကြောင့် ပြည်သူများအား အထူးသတိပြုကြရန်နှင့် မိမိကိုယ်ကို ကာကွယ်ကြရန် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ ရရှိထားသော အချက်အလက်များအရ နိုင်ငံတစ်ဝှမ်းတွင် အတည်ပြုလူနာပေါင်း (၇၃၂) ဦးရှိပြီဖြစ်ပြီး၊ (၂၃) ဦး သေဆုံးခဲ့ပါတယ်။
အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူက ဤရောဂါအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့်လျက်ရှိပြီး၊ ကူးစက်မှုနှုန်းမှာ အထက်သို့ ဦးတည်နေသည့်အတွက် စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် ကျန်းမာရေးဒေသ (၇) (Khon Kaen အပါအဝင် ဒေသများ) တွင် လူနာပေါင်း (၆၈) ဦးနှင့် သေဆုံးသူ (၂) ဦးရှိခဲ့ပြီး၊ အသက် (၅၀) ကျော်သူများသည် အထိခိုက်လွယ်ဆုံး အုပ်စုဖြစ်ကြောင်း တွေ့ရှိရပါတယ်။
Melioidosis ရောဂါသည် Burkholderia pseudomallei ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါပိုးသည် ထိုင်းနိုင်ငံကဲ့သို့ အပူပိုင်းဒေသများရှိ မြေဆီလွှာနှင့် ရေများတွင် သဘာဝအလျောက် တည်ရှိနေပါတယ်။
ရောဂါပိုးဝင်ရောက်နိုင်သည့် လမ်းကြောင်းများမှာ-
အရေပြားမှတစ်ဆင့် တိုက်ရိုက်ထိတွေ့ခြင်း: ညစ်ညမ်းနေသော မြေဆီလွှာ သို့မဟုတ် ရေများနှင့် အရေပြားရှိ အနာများ၊ ရှရာများမှတစ်ဆင့် ထိတွေ့မိခြင်း (အဖြစ်အများဆုံး)။
ရှူသွင်းမိခြင်း: ပိုးပါဝင်သော ဖုန်မှုန့်များ သို့မဟုတ် ရေစက်ကလေးများကို ရှူသွင်းမိခြင်း။
စားသုံးမိခြင်း: ပိုးပါဝင်သော အစားအစာ သို့မဟုတ် ရေကို စားသုံးမိခြင်း။
တိရစ္ဆာန်များနှင့် ထိတွေ့ခြင်း: ရောဂါပိုးရှိသော သိုး၊ ဆိတ်၊ ဝက်၊ တောဝက်၊ မြင်း၊ ကြောင်နှင့် ခွေးကဲ့သို့သော တိရစ္ဆာန်များနှင့် ထိတွေ့မိခြင်း။
ရောဂါလက္ခဏာများသည် ထိတွေ့မိသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် လူနာ၏ ကိုယ်ခံအားစနစ်အပေါ် မူတည်၍ ကွဲပြားနိုင်သည်။ ပုံမှန်အားဖြင့် ရောဂါပိုးနှင့် ထိတွေ့ပြီးနောက် (၁) ရက်မှ (၂၁) ရက်အတွင်း လက္ခဏာများ ပေါ်လာတတ်သော်လည်း၊ အချို့သော ကိစ္စရပ်များတွင် လများ၊ သို့မဟုတ် နှစ်များစွာ ကြာမှသာ ရောဂါပေါ်လာတတ်သည်။
အကယ်၍ ရောဂါပိုးသည် သွေးကြောအတွင်းသို့ ဝင်ရောက်သွားပါက သွေးဆိပ်တက်ခြင်း (Sepsis)၊ သွေးပေါင်ချိန် ရုတ်တရက်ကျဆင်းခြင်း၊ ရှော့ခ်ဖြစ်ခြင်းနှင့် သေဆုံးခြင်းကဲ့သို့သော ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ သယ်လဆီးမီးယား (Thalassemia) သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းသူများသည် ပြင်းထန်သော ဝေဒနာခံစားရနိုင်ခြေ ပိုမိုမြင့်မားပါတယ်။
ကျန်းမာရေးဌာနက အန္တရာယ်ရှိသောအုပ်စုများအနေဖြင့် မြေဆီလွှာနှင့် ရေများနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်နှင့်၊ အကယ်၍ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ပေါ့ဆမနေဘဲ ချက်ချင်းဆေးကုသမှု ခံယူရန် တိုက်တွန်းထားပါတယ်။