ကြို့ပင်ကောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၀၀ ခန့်ပျက်စီး၊ လူထိခိုက်မှုများရှိ

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ ကြို့ပင်ကောက်မြို့နယ် တွင် ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရှေ့ခြမ်းရှိ ချောင်းဝ၊ မြို့ကိုင်နှင့် ကွပ်သစ်ကျေးရွာများတွင် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအချို့ ခေါင်မိုးလွင့်ပျက်စီးသွားခြင်းနှင့် အချို့နေအိမ်များ ပြိုကွဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ပါတယ်။
ထို့ပြင် မိုးလေဝသဌာန၏ ထုတ်ပြန်ချက်များအရ ပြည်မြို့ နှင့် မြန်အောင်မြို့ အနောက်ဘက်ဒေသများအပါအဝင် ပြည်၊ ကြို့ပင်ကောက်၊ သဲကုန်း၊ နတ်တလင်းနှင့် ပဲခူးရိုးမ ဝန်းကျင်ဒေသများတွင် မိုးထစ်ချုန်းရွာနိုင်ပြီး လေပြင်းတိုက်ခတ်မှုများနှင့် မိုးကြိုးအန္တရာယ်များကို သတိပြုရန် လိုအပ်ကြောင်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒေသခံပြည်သူများအနေဖြင့် မိုးလေဝသသတိပေးချက်များကို အထူးဂရုစိုက်ကာ လေပြင်းမုန်တိုင်းကာလအတွင်း လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရန် တာဝန်ရှိသူများက တိုက်တွန်းထားပါတယ်။
