Logo
Monday, November 9, 2026
Back to Home
Local News

ကလေးမြို့ မိတ္တူဆိုင်မီးလောင်မှု ဝန်ထမ်းအမျိုးသမီး ၃ ဦး သေဆုံး

By Admin•September 24, 2026
ကလေးမြို့ မိတ္တူဆိုင်မီးလောင်မှု ဝန်ထမ်းအမျိုးသမီး ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ Apple ကွန်ပျူတာနှင့် မိတ္တူဆိုင်တစ်ဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အပေါ်ထပ်မှာ အိပ်နေတဲ့ ဆိုင်ဝန်ထမ်းအမျိုးသမီး ၃ ဦး သေဆုံးခဲ့ပါတယ်။

819785089_1385125687138776_4245969470049586961_n

မီးလောင်မှုဟာ စက်တင်ဘာ ၂၁ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်မှာ စတင်ခဲ့ပြီး ည ၁၁ နာရီ ၅၀ မိနစ်ခန့်မှာ မီးငြိမ်းနိုင်ခဲ့ပါတယ်။ မီးလောင်ချိန် မကြာမြင့်ခဲ့ပေမယ့် မိတ္တူဆိုင်အတွင်းရှိ စာရွက်စာတမ်းနဲ့ ပစ္စည်းတွေကြောင့် မီးကူးစက်လောင်ကျွမ်းမှု မြန်ဆန်ခဲ့တယ်လို့ မီးသတ်တာဝန်ရှိသူက ပြောပါတယ်။

ကနဦးစစ်ဆေးချက်အရ ဆိုလာအင်ဗာတာအသုံးပြုကာ ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး အနီးအနားရှိ စာရွက်စာတမ်းများကို မီးကူးစက်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်နိုင်ကြောင်း သိရပါတယ်။

မီးလောင်မှုကြောင့် ဆိုင်ဝန်ထမ်း ၈ ဦးအနက် အပေါ်ထပ်မှာ အိပ်နေတဲ့ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေမှာ အသက် ၂၅ နှစ်အရွယ် ၂ ဦးနဲ့ အသက် ၂၇ နှစ်အရွယ် ၁ ဦးတို့ ဖြစ်ပါတယ်။ ၎င်းတို့ဟာ မင်းကင်းမြို့နယ်နဲ့ ကလေးဝမြို့နယ်တို့မှ လာရောက်အလုပ်လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးခရိုင်နဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့တွေက မီးငြှိမ်းသတ်ယာဉ်နဲ့ ရေသယ်ယာဉ်တွေ အသုံးပြုကာ မီးငြှိမ်းသတ်ခဲ့ပြီး အဆောက်အအုံတစ်လုံးသာ မီးလောင်ကျွမ်းခဲ့ကာ ပတ်ဝန်းကျင်အဆောက်အအုံတွေကို မီးကူးစက်မှုမရှိခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုကြောင့် ပစ္စည်းဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၈၅ သိန်းခန့်ရှိပြီး သေဆုံးသူများရဲ့ ရုပ်အလောင်းတွေကို ကလေးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

#သတင်းစုံ #မီးလောင် #ကလေးမြို့ #သုတမြေ