Logo
Sunday, November 8, 2026
Back to Home
Breaking News

အပူချိန်မြင့်တက်မှုနှင့် ဓာတ်အားလိုအပ်ချက်ကြောင့် အောက်တိုဘာ ၅ ရက်မှ အလှည့်ကျဓာတ်အားပေးမည်

By Admin•October 5, 2026
အပူချိန်မြင့်တက်မှုနှင့် ဓာတ်အားလိုအပ်ချက်ကြောင့် အောက်တိုဘာ ၅ ရက်မှ အလှည့်ကျဓာတ်အားပေးမည်

အပူချိန်မြင့်တက်လာမှုနှင့် ဓာတ်အားလိုအပ်ချက် မြင့်မားလာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုကို မျှတစေရန် အောက်တိုဘာ ၅ ရက်မှစတင်၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။

မုတ်သုန်လေဆုတ်ခွာပြီး မိုးရာသီကုန်ဆုံးကာ ပွင့်လင်းရာသီသို့ ဝင်ရောက်လာခြင်းနှင့် ပြင်းထန်သည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုများကြောင့် နိုင်ငံတစ်ဝန်း အပူချိန်များ မြင့်တက်လာနေပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုလည်း တိုးလာနေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

837663323_1825027968499327_7543012127325317417_n

လက်ရှိအခြေအနေတွင် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအကြား ဟန်ချက်ညီစေရန် ဝန်အားထိန်းညှိခြင်းကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပိုမိုမဖြစ်ပေါ်စေရေးအတွက် အနည်းဆုံးပမာဏဖြင့် အလှည့်ကျဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်နွေရာသီတွင် ရေအားလျှပ်စစ်စက်ရုံများ၏ ရေလှောင်တမံများ၌ ရေခန်းခြောက်မှု ဖြစ်ပေါ်နိုင်ခြေရှိသဖြင့် လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီအထိ ရေသိုလှောင်မှုပမာဏကို ထိန်းညှိကာ ဓာတ်အားထုတ်လုပ်နိုင်ရန် စီမံထားကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

833333727_1149602417739763_6617150626082493871_n

ဓာတ်အားထုတ်လုပ်နိုင်မှု တိုးမြှင့်နိုင်ရန်အတွက် ဆိုလာစီမံကိန်းများနှင့် ရေအားလျှပ်စစ်စီမံကိန်းအသစ်များကို အကောင်အထည်ဖော်နေသကဲ့သို့ ပျက်စီးခဲ့သည့် ဓာတ်အားပေးစနစ်များ ပြန်လည်ကောင်းမွန်ရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှု မမျှတပါက ဓာတ်အားထုတ်စက်များ ရုတ်တရက်ရပ်တန့်ခြင်း၊ မဟာဓာတ်အားလိုင်းများ ချို့ယွင်းခြင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်အားစနစ်ပြတ်တောက်သည့် System Breakdown ဖြစ်ပေါ်နိုင်သဖြင့် ယခုကဲ့သို့ အလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးခြင်းဖြစ်ကြောင်း သိရသည်။

#သတင်းစုံ #မီးပြတ် #ဓာတ်အား #လျှပ်စစ် #သုတမြေ