ကလောမြို့ ရိုးရာမီးရှော်တိုင်ပူဇော်ပွဲ နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် နှစ်စဉ်ကျင်းပသည့် ရိုးရာမီးရှော်တိုင်ပူဇော်ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပသွားရန် စီစဉ်ထားပြီး ပြိုင်ပွဲဝင်အဖွဲ့ ၂၄ ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပကာ နိုဝင်ဘာ ၃၀ ရက်တွင် ဆုပေးပွဲပြုလုပ်ရန် လျာထားသော်လည်း တန်ဆောင်မုန်းလပြည့်နေ့မှ စတင်ကျင်းပရန် ဒေသခံများက တောင်းဆိုထားသဖြင့် ပွဲရက်အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အဖွဲ့များအပြင် ပင်းတယမြို့နယ်၊ ပဲယင်းတောင်ဒေသမှ အဖွဲ့များလည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဆုကြေးငွေကိုမူ ယခုနှစ်အတွက် ရရှိနိုင်သည့် ဘဏ္ဍာငွေပေါ်မူတည်၍ သတ်မှတ်သွားမည်ဖြစ်ပြီး အတိအကျ မသိရသေးကြောင်း သိရသည်။
ထို့ပြင် တန်ဆောင်မုန်းကာလအတွင်း မြို့မကျောင်းနှင့် သိမ်တောင်ကျောင်းတို့၏ ဘုံကထိန်လှည့်လည်ပွဲများ၊ မီးပဒေသာနှင့် မီးကြာလှည့်လည်ပူဇော်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်ကျင်းပရေးတာဝန်ရှိသူများက တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် ကလောမြို့သို့ပါ လာရောက်လည်ပတ်ကာ ဒေသ၏ ရိုးရာမီးရှော်တိုင်ပူဇော်ပွဲကို လေ့လာနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
#သုတမြေ #ပြည်တွင်း #တန်ဆောင်တိုင် #ပွဲတော် #သတင်းထူးသတင်းဦး
