အပူလွန်ကဲမှုကြောင့် ရေထဲဆင်းစိမ်ရာမှ မိုးကောင်းမြို့တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အပူချိန်မြင့်တက်မှုကြောင့် ရေထဲဆင်းစိမ်ခဲ့သည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးသည့်ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးသည် နန့်ရင်းချောင်းအတွင်းသို့ ဆင်း၍ အပူသက်သာစေရန် ရေစိမ်နေစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒေသခံပရဟိတအသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ အဆိုပါအမျိုးသားသည် အရက်သောက်ထားနိုင်ခြေရှိပြီး အပူဒဏ်ကို မခံနိုင်သဖြင့် ချောင်းထဲသို့ ဆင်းသွားရာမှ ရေတိမ်ပိုင်းတွင်ပင် မတော်တဆနစ်မြုပ်သွားခဲ့နိုင်ကြောင်း သိရသည်။ ထို့အပြင် သေဆုံးသူ၏ အထောက်အထားများကို ယခုအချိန်ထိ မသိရှိရသေးဘဲ မိသားစုဝင်များလည်း မပေါ်ပေါက်သေးကြောင်း ဆိုသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ငြိမ်းပန်းပရဟိတအသင်းမှ ကူညီယူဆောင်ကာ မိုးကောင်းပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
