Local News
နမ့်ဆန်မြို့အဝင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
By Admin•October 4, 2026
တအာင်းပြည်၊ နမ့်ဆန်မြို့အဝင် ပန်စပိန်လမ်းတွင် အောက်တိုဘာ ၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
မန္တလေးမြို့မှ နမ့်ဆန်မြို့သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်သည် နမ့်ဆန်မြို့အဝင် လက်ဖက်စက်ရုံအောက်ရှိ ပန်စပိန်လမ်း ကုန်းအတက်နေရာသို့ ရောက်ရှိချိန်တွင် ကုန်းကို မတက်နိုင်ဘဲ နောက်ပြန်လိမ့်ကျကာ လမ်းဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ပါသည်။
ယာဉ်ပေါ်တွင် ခရီးသည် ၉ ဦး လိုက်ပါလာပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးမှာ နောက်စေ့ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတွင် သေဆုံးခဲ့ပါသည်။ ထို့အပြင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ လက်နှင့်မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရပါသည်။
ဓာတ်ပုံ - အင်တာနက်
