Logo
Monday, November 9, 2026
Back to Home
International News

ဝန်ကြီးချုပ်ယာဉ်တန်း ဖြတ်သန်းရန် လူနာတင်ယာဉ် ရပ်တန့်ပေးရမှုကြောင့် လူနာသေဆုံးခဲ့

By Admin•October 2, 2026
ဝန်ကြီးချုပ်ယာဉ်တန်း ဖြတ်သန်းရန် လူနာတင်ယာဉ် ရပ်တန့်ပေးရမှုကြောင့် လူနာသေဆုံးခဲ့

အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ Silchar မြို့တွင် ဝန်ကြီးချုပ် Himanta Biswa Sarma ၏ ယာဉ်တန်း ဖြတ်သန်းနိုင်ရန်အတွက် အရေးပေါ်လူနာတင်ယာဉ်တစ်စီးကို ရဲတပ်ဖွဲ့က ခေတ္တရပ်တန့်စေခဲ့ပြီး အဆိုပါယာဉ်ပေါ်ပါ လူနာမှာ နောက်တစ်နေ့တွင် ဆေးရုံ၌ သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက်က Silchar မြို့ Ramnagar ISBT အနီးတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး Sribhumi ခရိုင် Bangar ဒေသမှ Silchar Medical College and Hospital သို့ အရေးပေါ်ကုသမှုခံယူရန် ပို့ဆောင်နေသည့် လူနာတင်ယာဉ်ကို ဝန်ကြီးချုပ်၏ ယာဉ်တန်း ဖြတ်သန်းနိုင်ရန် ရပ်တန့်စေခဲ့တာ ဖြစ်ပါတယ်။

လူနာတင်ယာဉ် ရပ်တန့်နေစဉ် ဝန်ကြီးချုပ်၏ ယာဉ်တန်း ဖြတ်သန်းသွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို ရိုက်ကူးထားသည့် ဗီဒီယိုများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပါတယ်။

ယာဉ်ပေါ်ပါ Rasuraj Chakraborty ဆိုသူ လူနာမှာ အသည်းနှင့်ပတ်သက်သည့် ပြင်းထန်သောရောဂါ ခံစားနေရသူဖြစ်ပြီး အောက်တိုဘာ ၁ ရက် မနက်ပိုင်းတွင် Silchar Medical College and Hospital ၌ သေဆုံးခဲ့ပါတယ်။

839010735_1623613912892243_4176559572057506320_n

ဖြစ်စဉ်အပေါ် အာသံပြည်နယ်ဝန်ကြီးချုပ် Himanta Biswa Sarma က လူနာ၏မိသားစုထံ တောင်းပန်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်ကို ယာဉ်တန်းဖြတ်သန်းရန် ရပ်တန့်စေခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ပြီး တာဝန်ကျရဲတပ်ဖွဲ့ဝင် ၄ ဦးကိုလည်း တာဝန်မှ ဆိုင်းငံ့ခဲ့ပါတယ်။

နောက်ပိုင်းတွင် အာသံအစိုးရက ဝန်ကြီးချုပ်၏ ယာဉ်တန်း ဖြတ်သန်းချိန်များ၌ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်နှင့် အခြားအရေးပေါ်ယာဉ်များကို မရပ်တန့်စေရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

သို့သော် ဝန်ကြီးချုပ် Sarma က လူနာသေဆုံးမှုသည် လူနာတင်ယာဉ် ခေတ္တရပ်တန့်ခဲ့ရခြင်းနှင့် တိုက်ရိုက်ဆက်စပ်မှုမရှိဘဲ လူနာမှာ အသည်းရောဂါပြင်းထန်စွာ ခံစားနေရသူဖြစ်ကြောင်း ပြောကြားထားပါတယ်။

#သုတမြေ #သတင်း #အိန္ဒိယ #နိုင်ငံတကာ