တောမီးများကြား အော်ရန်ဂူတန်မျောက် ၉ ကောင်အား ကယ်ဆယ်ထား
အင်ဒိုနီးရှားနိုင်ငံ အနောက်ကလီမန်တန်ပြည်နယ်၊ ကီတာပန်ခရိုင်တွင် တောမီးများ ပျံ့နှံ့လာမှုကြောင့် နေရင်းဒေသအန္တရာယ်ရှိလာသည့် အော်ရန်ဂူတန်မိခင်နှင့် သားငယ်တစ်ကောင်ကို ကယ်ဆယ်ရေးအဖွဲ့များက စက်တင်ဘာ ၃ ရက်တွင် ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အော်ရန်ဂူတန်နှစ်ကောင်ကို ဇူလိုင်လကတည်းက သစ်တောအနီး စိုက်ခင်းတစ်ခုတွင် တွေ့ရှိခဲ့သဖြင့် စောင့်ကြည့်ခဲ့ပြီး တောမီးများ နီးကပ်လာချိန်တွင် YIARI အဖွဲ့၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။
ပဏာမစစ်ဆေးချက်အရ မီးလောင်ဒဏ်ရာ မတွေ့ရှိရသော်လည်း မီးခိုးငွေ့များကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်နိုင်သဖြင့် တိရစ္ဆာန်ဆေးကုဆရာဝန်များက ကျန်းမာရေးကို အနီးကပ်စောင့်ကြည့်နေကြသည်။
အဆိုပါကယ်ဆယ်မှုကြောင့် ကီတာပန်ခရိုင်အတွင်း တစ်လအတွင်း တောမီးအန္တရာယ်မှ ကယ်ဆယ်ထားသည့် အော်ရန်ဂူတန်အရေအတွက်မှာ ၉ ကောင်အထိ ရှိလာခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်သီတင်းပတ်က ကယ်ဆယ်ခဲ့သည့် အော်ရန်ဂူတန်တစ်ကောင်မှာ မီးခိုးငွေ့ရှူရှိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။
တောမီးများသည် သစ်တောများကိုသာ ပျက်စီးစေခြင်းမဟုတ်ဘဲ တောရိုင်းတိရစ္ဆာန်များ၏ နေစရာနှင့် အစာရင်းမြစ်များကိုပါ ဆုံးရှုံးစေပြီး မီးဘေးမှ ထွက်ပြေးရန် တိရစ္ဆာန်များအနေဖြင့် ရွေးချယ်စရာနည်းပါးကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
