ဆန်စပါးပွဲရုံ မီးလောင်မှုမှ အနီးနားနေအိမ် ၅ လုံးထက်မနည်း မီးကူးစက်လောင်ကျွမ်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ ဆန်စပါးပွဲရုံတစ်ခုတွင် အောက်တိုဘာ ၁၄ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးနားရှိ နေအိမ် ၅ လုံးထက်မနည်း မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မီးလောင်မှုသည် ဟင်္သာတမြို့နယ်၊ ပခမ်းရပ်ကွက်၊ ကမ်းနားကြီးပွဲရုံတန်းရှိ “ပြည့်စုံဖြိုး” ဆန်စပါးပွဲရုံတွင် နံနက် ၃ နာရီ ၅၃ မိနစ်ခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုသတင်းရရှိသဖြင့် ဟင်္သာတခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများအပါအဝင် နယ်မြေမီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးသတ်တပ်ဖွဲ့ဝင်များသည် မီးကို ၂ နာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ယနေ့နံနက် ၃ နာရီကျော်ခန့်က မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်တွင်လည်း နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
