ရန်ကုန်တွင် သတ်မှတ်နေရာမှ လမ်းမဖြတ်ကူးသူများကို ပုဒ်မ ၉၆ ဖြင့် အရေးယူ
ရန်ကုန်မြို့အတွင်း လမ်းကူးစည်းကမ်းကို လိုက်နာခြင်းမရှိသူများအား သက်ဆိုင်ရာဥပဒေဖြင့် အရေးယူမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီခွဲမှစ၍ ကျောက်တံတားမြို့နယ်ရှိ ဆူးလေခုံးကျော်တံတားအောက်၌ ပူးပေါင်းအဖွဲ့များက သတ်မှတ်ထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိသူများကို စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်သည်။
အဆိုပါအရေးယူမှုကို ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ဒဏ်ကြေးအဖြစ် ငွေကျပ် ၃၀,၀၀၀ ထက်မပိုသော ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပညာပေးကာလပြီးဆုံးသွားပြီဖြစ်သဖြင့် လမ်းကူးစည်းကမ်းဖောက်ဖျက်သူများကို ဆက်လက်အရေးယူသွားမည်ဖြစ်ပြီး နောက်ရက်များတွင်လည်း စမ်းချောင်း၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့၌ စစ်ဆေးမှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဖြတ်ကူးသူများသည် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျားနှင့် သက်ဆိုင်ရာက ခွင့်ပြုထားသည့်နေရာများမှသာ ဖြတ်ကူးရမည်ဖြစ်သည်။
သတ်မှတ်စည်းကမ်းများကို လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း အဆိုပါကောင်စီက အသိပေးထုတ်ပြန်ထားသည်။
