Logo
Sunday, November 8, 2026
Back to Home
International News

စပိန်တွင် အမြန်ရထားနှစ်စင်း တိုက်မိမှုကြောင့် လူ ၆၈ ဦး သေဆုံး

By Admin•October 30, 2026
စပိန်တွင် အမြန်ရထားနှစ်စင်း တိုက်မိမှုကြောင့် လူ ၆၈ ဦး သေဆုံး

စပိန်နိုင်ငံ တိုလီဒိုမြို့အနီးတွင် ဗုဒ္ဓဟူးနေ့က အမြန်ရထားနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၆၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၉ ဦးအထိ ရှိလာကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။ ပျက်စီးနေသော ရထားတွဲများအတွင်း ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသဖြင့် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်ကြောင်းလည်း သိရသည်။

လူ ၁၄၆ ဦး လိုက်ပါလာသည့် Iryo ရထားနှင့် ခရီးသည် ၃၉၇ ဦး လိုက်ပါလာသည့် Renfe ရထားတို့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်သည် ယခုနှစ်အတွင်း စပိန်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ဒုတိယမြောက် အသေအပျောက်များသော ရထားမတော်တဆမှုဖြစ်ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း ဥရောပတွင် အသေအပျောက်အများဆုံး ရထားမတော်တဆမှုများအနက် တစ်ခုလည်း ဖြစ်လာခဲ့သည်။

စပိန်ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပွင့်တေး၏ ပြောကြားချက်အရ ရှေ့တွင် ရထားတစ်စင်း ရပ်တန့်နေသဖြင့် အနီရောင်အချက်ပြမီး ပြသခဲ့သော်လည်း Renfe ရထားကို ဆက်လက်မောင်းနှင်ခွင့်ပြုခဲ့ခြင်းကြောင့် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကွန်ပျူတာဆက်သွယ်ရေးစနစ် ချို့ယွင်းမှုကြောင့် အချက်ပြစနစ်က ရထားအသွားအလာကို အလိုအလျောက် ရပ်တန့်စေခဲ့သော်လည်း နောက်ပိုင်းတွင် ရထားကို ပြန်လည်မောင်းနှင်ရန် မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မက်ဒရစ်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ်ကလည်း မတော်တဆမှုဖြစ်ပွားရာနေရာအနီးမှ ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ် ပြောကြားရာတွင် ယခုဖြစ်ရပ်သည် တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးရသည့် ကြေကွဲဖွယ်ဖြစ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် မတော်တဆမှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး တာဝန်ပျက်ကွက်မှုများ တွေ့ရှိပါက လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

ယခုရထားတိုက်မှုနှင့် ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အခြားရထားမတော်တဆမှုတို့၏ အကြောင်းရင်းများမှာ ဆက်စပ်မှုမရှိကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ လက်ရှိတွင် အာဏာပိုင်များက မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ရထားအချက်ပြစနစ်ဆိုင်ရာ ချို့ယွင်းချက်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။

Reuters

#သုတမြေ #သတင်းထူးသတင်းဦး #ရထားတိုက်