Logo
Monday, November 9, 2026
Back to Home
International News

အင်ဒိုနီးရှား ရေတံခွန်တွင် အမျိုးသမီးတစ်ဦး ချော်ကျသေဆုံး

By Admin•October 20, 2026
အင်ဒိုနီးရှား ရေတံခွန်တွင် အမျိုးသမီးတစ်ဦး ချော်ကျသေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားအနောက်ပိုင်းပြည်နယ်၊ လီမာပူလူကိုတာခရိုင်ရှိ Robo Harau ရေတံခွန်တွင် ရေချိုးနေစဉ် အမြင့်တစ်နေရာမှ ချော်ကျသွားခဲ့သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ဆူမားတြားအနောက်ပိုင်းပြည်နယ်၊ ပါဒန်ပါရီယာမန်ဒေသမှ Windy Rahma Putri ဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်သည် အောက်တိုဘာ ၁၅ ရက်၊ ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Windy သည် ရေစီးနေသော ကျောက်တုံးများပေါ်တွင် ရှိနေစဉ် ခြေချော်ကာ ရေတံခွန်အမြင့်မှ အောက်သို့ ပြုတ်ကျသွားခဲ့ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။

အဆိုပါဗီဒီယိုအရ Windy သည် မီးခိုးရောင်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီနှင့် မီးခိုးရောင်ခေါင်းစည်းတို့ကို ဝတ်ဆင်ထားပြီး ရေစီးနေသော ကျောက်တုံးပေါ်တွင် ကိုယ်နေဟန်ထားကို ပြင်ဆင်နေစဉ် ရုတ်တရက် ဟန်ချက်ပျက်သွားခဲ့သည်။ အနီးအနားတွင် အဖော်တစ်ဦး ရှိနေသော်လည်း သူမကို အချိန်မီ မကယ်တင်နိုင်ခဲ့ဘဲ ရေတံခွန်အောက်သို့ လျှောကျကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြောင်း ဖော်ပြထားသည်။

855955984_2182716042458829_5814197559674154717_n (1)

ဖြစ်စဉ်နှင့်ပတ်သက်၍ ပါဒန်မြို့ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးရုံးသည် အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီ ၂၇ မိနစ်ခန့်တွင် သတင်းလက်ခံရရှိခဲ့သည်။ သတင်းရရှိပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များက ရေတံခွန်အနီးတစ်ဝိုက်တွင် ရှာဖွေရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ရေတံခွန်တစ်ဝိုက် အကွာအဝေး ၅၇၀ မီတာခန့်အတွင်း ရှာဖွေခဲ့ကြသည်။

ရှာဖွေမှုများကို တစ်ညတာ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် Windy ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့က ပြန်လည်သယ်ဆောင်ခဲ့သည်။

ပါဒန်မြို့ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးရုံး အကြီးအကဲ Abdul Malik က အမျိုးသမီးငယ်ကို သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်ဟု အင်ဒိုနီးရှားသတင်းဌာန detikNews က ဖော်ပြခဲ့သည်။

#သုတမြေ #သတင်းထူး #ချော်ကျ #ရေတံခွန် #ပြည်ပ #မတော်တဆ