Logo
Monday, November 9, 2026
Back to Home
International News

ငွေတောင်းနေသည့် တရုတ်နိုင်ငံမှ လူအစားထိုးစက်ရုပ် ရုပ်သံဖိုင်ပျံ့နှံ့

By Admin•October 3, 2026
ငွေတောင်းနေသည့် တရုတ်နိုင်ငံမှ လူအစားထိုးစက်ရုပ် ရုပ်သံဖိုင်ပျံ့နှံ့

အလုပ်အကိုင်များကို စက်ရုပ်များက အစားထိုးလာမည်ကို လူအများက စိုးရိမ်နေကြချိန်တွင် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ရှိ လမ်းဘေးတစ်နေရာ၌ ထူးခြားစွာ ငွေတောင်းနေသည့် လူပုံစံစက်ရုပ် (Humanoid Robot) တစ်ရုပ်ကို တွေ့ရှိခဲ့ရသည်။

မကြာသေးမီက လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတစ်ခုအရ အဆိုပါစက်ရုပ်သည် လမ်းဘေးတွင် ဒူးထောက်ထိုင်ကာ လက်နှစ်ဖက်ကို စုစည်းပြီး ဖြတ်သန်းသွားလာသူများထံ ဦးညွှတ်တောင်းပန်နေသည်ကို တွေ့ရသည်။

စက်ရုပ်၏ဘေးတွင် တပ်ဆင်ထားသည့် LED စာတန်းနှင့် အသံချဲ့စက်မှလည်း “အားသွင်းရန် ငွေမရှိတော့ပါ” နှင့် “လျှပ်စစ်မီတာခအတွက် ကူညီပေးပါ” ဟူသည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။

ထို့အပြင် ငွေထည့်ရန် ပန်းကန်ငယ်တစ်ချပ် ထားရှိထားသလို၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ လက်ခံနိုင်ရန် QR Code တစ်ခုကိုလည်း ထည့်သွင်းထားသည်။

832997727_1917035595944099_2285395805575484421_n

အဆိုပါ စက်ရုပ်ကို နောက်ကွယ်မှ မည်သူများက ထိန်းချုပ်ထားသည်ဆိုသည်ကို ယခုအချိန်အထိ မသိရသေးသော်လည်း ၎င်းမှာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၆,၀၀၀ ခန့်ရှိသည့် Unitree G1 humanoid robot ဖြစ်ကြောင်း သိရသည်။

စက်ရုပ်ကို အဘယ်ကြောင့် ငွေတောင်းခံစေခဲ့သည်ဆိုသည်နှင့် ပတ်သက်၍ အွန်လိုင်းအသုံးပြုသူများအကြား အမျိုးမျိုးသော ခန့်မှန်းချက်များ ထွက်ပေါ်နေပြီး နောက်ပြောင်ပြသမှုတစ်ခုလား၊ ထူးခြားသည့် Performance Art ပြသမှုတစ်ခုလား၊ သို့မဟုတ် ထူးဆန်းသည့် ဝင်ငွေရရှိရေးနည်းလမ်းတစ်ခုလားဆိုသည်ကို ဆွေးနွေးနေကြသည်။

အချို့သော နည်းပညာဝါသနာရှင်များကလည်း လူမှုကွန်ရက်ပေါ်တွင် “အခုဆို ငွေတောင်းစားသူတွေကိုတောင် စက်ရုပ်တွေနဲ့ အစားထိုးနေပြီ” ဟု ဟာသနှောကာ မှတ်ချက်ပြုခဲ့ကြသည်။

#သတင်းစုံ #အေအိုင် #စက်ရုပ် #သုတမြေ