ယူကရိန်းနှင့် ရုရှား စွမ်းအင်ပစ်မှတ်များ တိုက်ခိုက်မှုရပ်ရန် သဘောတူထားဟု ထရမ့်ပြော
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းနှင့် ရုရှားတို့အကြား နှစ်နိုင်ငံစလုံး၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းမပြုရန် သဘောတူထားကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့ပါတယ်။
ထရမ့်က Truth Social တွင် ယူကရိန်းက ရုရှား၏ စွမ်းအင်ပစ်မှတ်များကို မတိုက်ခိုက်ရန် သဘောတူထားပြီး ရုရှားဘက်ကလည်း အလားတူ လုပ်ဆောင်ရန် သဘောတူထားကြောင်း ရေးသားခဲ့ပါတယ်။ သို့သော် ထရမ့်၏ ပြောဆိုချက်ကို ယူကရိန်းနှင့် ရုရှားဘက်က ချက်ချင်း အတည်ပြုခြင်း မရှိသေးပါဘူး။
ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးကို ရုရှားနိုင်ငံရှိ ဒီဇယ်လောင်စာနှင့် ဆက်စပ်သည့် စက်ရုံများကို မတိုက်ခိုက်ရန်လည်း တိုက်တွန်းထားပါတယ်။ ဒီဇယ်လောင်စာစက်ရုံများကို တိုက်ခိုက်ခြင်းကြောင့် လောင်စာရှားပါးမှု ဖြစ်ပေါ်နိုင်ပြီး ကမ္ဘာ့ဒီဇယ်ဈေးနှုန်း မြင့်တက်စေနိုင်ကြောင်း ထရမ့်က ပြောပါတယ်။
ရုရှားဘက်က ထရမ့်၏ အဆိုပါမှတ်ချက်ကို အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့သော်လည်း ယူကရိန်းကတော့ ရုရှားတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် စွမ်းအင်အဆောက်အအုံများသည် တရားဝင် စစ်ရေးပစ်မှတ်များဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ယူကရိန်းသမ္မတ ဇယ်လင်စကီးက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံရှိ ရေနံချက်စက်ရုံ ၂ ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ရုရှားက ရေနံရောင်းချရရှိသည့် ဝင်ငွေများကို စစ်ပွဲအတွက် အသုံးပြုနေသောကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။
အမေရိကန်တွင် ဒီဇယ်တစ်ဂါလန်လျှင် ပျမ်းမျှဈေးနှုန်းသည် စက်တင်ဘာ ၁၁ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၆ အထိ ရောက်ရှိခဲ့ကြောင်း CNBC က ဖော်ပြပါတယ်။ ဒီဇယ်ဈေးနှုန်း မြင့်တက်မှုသည် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အဓိကဖြစ်ပြီး အီရန်စစ်ပွဲကြောင့် မဟုတ်ကြောင်း ထရမ့်က ပြောဆိုထားပါတယ်။
အလားတူ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးနိုင်ငံဆွေးနွေးပွဲကို အောက်တိုဘာလအတွင်း ပြုလုပ်နိုင်ရေး မဖြစ်နိုင်ဟု မဆိုနိုင်ကြောင်း ပြောပါတယ်။
ဆွေးနွေးပွဲကျင်းပမည့် နေရာနှင့် ရက်စွဲကို သဘောတူညီနိုင်ပါက ရုရှားကိုယ်စားလှယ်အဖွဲ့ကို မည်သူဦးဆောင်မည်ဆိုသည်ကို သမ္မတ ဗလာဒီမာ ပူတင်က ဆုံးဖြတ်မယ်လို့ သမ္မတအကြံပေး ယူရီ အူရှာကော့ဗ်က ပြောပါတယ်။
အဘူဒါဘီကို သုံးနိုင်ငံဆွေးနွေးပွဲကျင်းပရန် ဖြစ်နိုင်ခြေရှိသည့် နေရာတစ်ခုအဖြစ် ဆွေးနွေးထားပြီး တူရကီအပါအဝင် အခြားနိုင်ငံများကလည်း ဆွေးနွေးပွဲ လက်ခံကျင်းပရန် အသင့်ရှိကြောင်း ပြောဆိုထားပါတယ်။ သို့သော် ဆွေးနွေးပွဲမတိုင်မီ နှစ်ဖက်အကြား သဘောတူညီရန် လိုအပ်သည့် အချက်များစွာ ကျန်ရှိနေသေးကြောင်း အူရှာကော့ဗ်က ဆိုပါတယ်။
