Logo
Monday, November 9, 2026
Back to Home
International News

ကမ္ဘာ့အကောင်းဆုံးမြို့အဖြစ် ဘန်ကောက် ပထမ၊ ပါရီ ဒုတိယနေရာရရှိ

By Admin•October 10, 2026
ကမ္ဘာ့အကောင်းဆုံးမြို့အဖြစ် ဘန်ကောက် ပထမ၊  ပါရီ ဒုတိယနေရာရရှိ

ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်သည် ဗြိတိန်နိုင်ငံထုတ် ခရီးသွားနှင့် လူနေမှုဘဝဆိုင်ရာ မဂ္ဂဇင်း Condé Nast Traveller ၏ ၂၀၂၆ ခုနှစ် Readers’ Choice Awards စစ်တမ်းတွင် ကမ္ဘာ့အကောင်းဆုံးမြို့အဖြစ် ပထမနေရာ ရရှိခဲ့ကြောင်း အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်သည့် အဆင့်သတ်မှတ်ချက်အရ သိရသည်။

အဆိုပါစစ်တမ်းတွင် ဘန်ကောက်သည် ရမှတ် ၉၇.၆၈ မှတ်ဖြင့် ပထမနေရာ၌ ရပ်တည်ခဲ့ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့က ၉၇.၁၄ မှတ်ဖြင့် ဒုတိယ၊ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ၉၆.၆၇ မှတ်ဖြင့် တတိယနေရာ ရရှိခဲ့သည်။

840071350_1570992921012782_4379773743069081177_n

ထိပ်ဆုံး ၁၀ မြို့စာရင်းတွင် အီတလီနိုင်ငံ ရောမမြို့၊ မော်လ်တာနိုင်ငံ ဗယ်လက်တာမြို့၊ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တို့လည်း ပါဝင်ခဲ့သည်။ စင်ကာပူမြို့မှာမူ ထိပ်ဆုံးမြို့ ၂၀ စာရင်း၏ နောက်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။

ဘန်ကောက်အတွက် ယခုအောင်မြင်မှုသည် ယခင်နှစ်အဆင့်သတ်မှတ်ချက်နှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသည့် ပြောင်းလဲမှုတစ်ခုဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ထိပ်ဆုံးမြို့ ၂၀ စာရင်း၌ပင် မပါဝင်ခဲ့သည့် ဘန်ကောက်သည် တစ်နှစ်အတွင်း ပထမနေရာသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။

843324456_1919525702361095_394212228062997170_n

မဂ္ဂဇင်းက ဘန်ကောက်မြို့၏ စည်ကားလှုပ်ရှားသော ဈေးများ၊ တော်ဝင်နန်းတော်များ၊ ဗုဒ္ဓဘာသာဘုရားကျောင်းများနှင့် လမ်းဘေးအစားအစာယဉ်ကျေးမှုတို့ကို အဓိကဖော်ပြခဲ့ပြီး မြို့ပြလူနေမှုဘဝနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ အတူယှဉ်တွဲတည်ရှိနေသည့် မြို့တော်အဖြစ် ချီးကျူးထားသည်။

ဘန်ကောက်မြို့ဟောင်းရှိ မဟာနန်းတော်နှင့် မြဘုရားကျောင်း (Wat Phra Kaew) တို့သည် ထိုင်းရိုးရာဗိသုကာလက်ရာများကြောင့် ထင်ရှားပြီး Wat Pho ဘုရားကျောင်းမှာလည်း လျောင်းတော်မူဘုရားကြီးကြောင့် ခရီးသွားများအကြား လူသိများသည်။

844340744_1378306024374320_3665039035136943336_n

ထို့အပြင် လမ်းဘေးဆိုင်များမှ ရိုးရာထိုင်းအစားအစာများ စားသုံးနိုင်ခြင်းမှသည် Michelin ကြယ်ပွင့်ရ စားသောက်ဆိုင်များတွင် အဆင့်မြင့်စားသောက်မှုအတွေ့အကြုံ ရရှိနိုင်ခြင်းအထိ ရွေးချယ်စရာစုံလင်မှု၊ မြို့ပြမြင်ကွင်းများကို အပေါ်စီးမှ ကြည့်ရှုနိုင်သည့် Rooftop Bar များနှင့် ဖျော်ဖြေရေးလုပ်ငန်းများကလည်း ဘန်ကောက်၏ ဆွဲဆောင်မှုကို ပိုမိုမြင့်တက်စေကြောင်း ဖော်ပြထားသည်။

ဘန်ကောက်၏ အဆင့်သတ်မှတ်ချက် မြင့်တက်လာခြင်းသည် ထိုင်းနိုင်ငံအပေါ် နိုင်ငံတကာခရီးသွားများ၏ စိတ်ဝင်စားမှု တိုးလာနေကြောင်း ပြသသည့် ရလဒ်တစ်ခုအဖြစ် မဂ္ဂဇင်းက သုံးသပ်ထားသည်။

Bangkok post

#သုတမြေ #ဘန်ကောက် #ထိုင်း #နိုင်ငံတကာ #သတင်း