ဖိလစ်ပိုင်ကမ်းလွန် ကူးတို့သင်္ဘောမီးလောင်၊ လူ ၅ ဦးသေဆုံးပြီး လူ ၈၀ ကျော် ပျောက်ဆုံးနေ
ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းရှိ ပါလာဝမ်ကျွန်းအနီး ပင်လယ်ပြင်တွင် ဗုဒ္ဓဟူးနေ့ညက ကူးတို့သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၈၀ ကျော် ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
မီးလောင်မှုမှာ ပါလာဝမ်ပြည်နယ်၊ ကိုရွန်မြို့အနီး ပင်လယ်ပြင်တွင် MV June Aster သင်္ဘောပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညတွင် လူ ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း PCG က ဆိုသည်။
ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Commodore Noemie Cayabyab က DZXL ရေဒီယိုသို့ ပြောကြားရာတွင် သင်္ဘော၏ ခရီးသည်စာရင်းအရ ခရီးသည် ၁၁၇ ဦးနှင့် သင်္ဘောဝန်ထမ်း ၁၇ ဦး စုစုပေါင်း ၁၃၄ ဦး လိုက်ပါခဲ့ကြောင်း ပြောသည်။
လက်ရှိ အတည်ပြုနိုင်ထားသည့် ကယ်ဆယ်ရရှိသူများနှင့် သေဆုံးသူအရေအတွက်ကို အခြေခံတွက်ချက်ပါက လူ ၈၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ သို့သော် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသဖြင့် အဆိုပါ ကိန်းဂဏန်းများ ပြောင်းလဲနိုင်ကြောင်း Cayabyab က ပြောကြားခဲ့သည်။
အဆိုပါကူးတို့သင်္ဘောသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Baseco ဆိပ်ကမ်းမှ ထွက်ခွာလာပြီး ပါလာဝမ်ပြည်နယ်၊ ကိုရွန်မြို့သို့ ဦးတည်ခုတ်မောင်းနေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
