Logo
Thursday, May 14, 2026
Back to Home
Local News

ကချင်ပြည်နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦးရာနှင့်ချီ ပျက်စီးပြီး ဒေသခံများ အကူအညီများစွာလိုအပ်နေ

By AdminApril 26, 2026
679992260_1354351610055317_9000002306024627514_n

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ မိုးကောင်းနှင့် နမ္မတီးမြို့နယ်များတွင် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက တိုက်ခတ်ခဲ့သည့် ပြင်းထန်သော လေပြင်းမုန်တိုင်းနှင့် မိုးသီးကြွေမှုတို့ကြောင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ စစ်ရှောင်စခန်းများအပါအဝင် နေအိမ်ရာနှင့်ချီ၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

679239818_1354351806721964_3599137564567851206_n


ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့သော အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် မြို့နယ်အသီးသီးရှိ လူနေအိမ်များမှာ အမိုးများလန်ခြင်း၊ သစ်ပင်ကြီးများ ပြိုလဲကျပိခြင်းနှင့် အချို့သော အဆောက်အဦများ လုံးဝပြိုကျပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသည်။ မြစ်ကြီးနားမြို့တွင် ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်း သစ်ပင်များလဲကျကာ အဆောက်အဦတချို့ ထိခိုက်ခဲ့သကဲ့သို့ မြို့တွင်းရပ်ကွက်များတွင်လည်း ပျက်စီးမှုများစွာရှိနေသည်။
အလားတူ မိုးကောင်းမြို့နယ်တွင်လည်း လေပြင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရပြီး လွဲလောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နေအိမ်အများအပြား အမိုးလန်ခြင်း၊ စေတီတော်များ၏ ထီးတော်များ ယိမ်းယိုင်ခြင်းနှင့် လူထိခိုက်ဒဏ်ရာရမှုအချို့ ဖြစ်ပေါ်ခဲ့သည်။ ဒေသခံများ၏ ပြောပြချက်အရ အိမ်ခြေများစွာမှာ သွပ်မိုး၊ ထရံကာအိမ်များဖြစ်သည့်အတွက် လေပြင်းဒဏ်ကို အလူးအလဲခံခဲ့ရကြောင်း သိရသည်။

679572799_1354351670055311_5107731287567261151_n681341729_1354351733388638_5597270159230054828_n


နမ္မတီးမြို့တွင်လည်း ဝါအောင်စစ်ရှောင်စခန်းနှင့် စိန်ထရေဇားစစ်ရှောင်စခန်းတို့ရှိ စစ်ရှောင်ပြည်သူများ၏ ယာယီနေထိုင်ရာ တဲအိမ်များ၊ ဝတ်ပြုဆောင်များ ပျက်စီးသွားခဲ့ပြီး ယခင်ကတည်းက အခက်အခဲများကြားတွင် ရှင်သန်နေရသော စစ်ရှောင်များမှာ ပိုမိုဒုက္ခရောက်လျက်ရှိသည်။ ထို့အပြင် မြို့ရှေ့ကျောင်းတိုက်ရှိ ရှေးဟောင်းဇာတ်စင်မှာလည်း လေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသည်။
လက်ရှိတွင် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ ရင်ငြိမ်းပန်းပရဟိတကွန်ယက်အပါအဝင် လူမှုကူညီရေးအသင်းအဖွဲ့များက လမ်းပိတ်ဆို့နေသည့် သစ်ပင်များကို အရေးပေါ်ရှင်းလင်းလျက်ရှိသည်။ သို့သော်လည်း ပျက်စီးမှုပမာဏမှာ များပြားလှသဖြင့် စက်သုံးဆီ၊ အိမ်မိုးသွပ်များနှင့် မိုးကာလိပ်များ အရေးပေါ်လိုအပ်နေကြောင်း ပရဟိတအဖွဲ့များက အကူအညီတောင်းခံထားသည်။


ထိခိုက်ပျက်စီးမှုများပြားသည့်အတွက် တစ်အိမ်ချင်းစီအား ချက်ချင်းကူညီပေးရန် အခက်အခဲရှိနေသည့်အတွက် ဒေသခံများအနေဖြင့်လည်း ဖြစ်နိုင်သမျှ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အရေးပေါ်ရှင်းလင်းမှုများ လုပ်ဆောင်နေရသည်။ ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် မတ်လပိုင်းကလည်း ကြက်ဥအရွယ်ခန့် မိုးသီးများ ကြွေကျခဲ့ဖူးသည့်အတွက် ယခုကဲ့သို့ မကြာခဏဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံများမှာ စိုးရိမ်ပူပန်လျက်ရှိသည်။