မန္တလေးတွင် လျှပ်စစ်မီးကြိုးဖြုတ်ခိုးသူ ၃ ဦးနှင့် လက်ခံဝယ်ယူသူ ၂ ဦး ဖမ်းဆီးရမိ
မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လျှပ်စစ်မီးကြိုးများကို ညပိုင်းအချိန်များတွင် ဖြတ်တောက်ခိုးယူခဲ့သူ ၃ ဦးနှင့် ခိုးယူထားသည့် မီးကြိုးများကို လက်ခံဝယ်ယူသူ ၂ ဦး စုစုပေါင်း ၅ ဦးကို အမှုပေါင်း ၂၅ မှုနှင့် မီးကြိုးပိဿာချိန် ၆၀၀ ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဖြစ်စဉ်မှာ အောင်မြေသာစံမြို့နယ်အတွင်းရှိ ဌာနပိုင်ထရန်စဖော်မာများမှ Feeder Cable ကြိုးများ ဖြတ်တောက်ခိုးယူခံရမှုများ ဖြစ်ပွားခဲ့သဖြင့် လျှပ်စစ်တာဝန်ရှိသူများက အမှတ် (၅) မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၂ လမ်းနှင့် ကမ်းနားလမ်းတွင် ယာဉ်စစ်ဆေးမှုများ ပြုလုပ်နေစဉ် သုံးဘီးယာဉ်မောင်း ခင်မောင်ထူးကို Tester၊ တူနှင့် ပလာယာများနှင့်အတူ တွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းရာမှတစ်ဆင့် မီးကြိုးခိုးယူမှုများ ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ခင်မောင်ထူးသည် စိုးသက်ပိုင် (ခ) ပိုင်လေး၊ အောင်ကျော်ကျော် (ခ) ဇိုဗိုက်တို့နှင့်အတူ လွန်ခဲ့သည့် ခြောက်လကျော်ခန့်မှစတင်ကာ မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ညပိုင်း၌ မီးကြိုးများကို လိုက်လံဖြတ်တောက်ခိုးယူခဲ့ကြောင်း သိရသည်။ ယင်းနောက် ခိုးယူထားသည့် မီးကြိုးများကို မဇင်မာဦးထံ ရောင်းချခဲ့ပြီး ၎င်းက အေးလင်းထံသို့ ထပ်မံရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ဆက်စပ်၍ ပြစ်မှုကျူးလွန်သူ ၃ ဦးနှင့် လက်ခံဝယ်ယူသူ ၂ ဦးတို့ကို အမှု ၂၅ မှုနှင့်အတူ ဖော်ထုတ်နိုင်ခဲ့ပြီး သက်သေခံမီးကြိုးပိဿာချိန် ၆၀၀ ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့ ၅ ဦးကို သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကူးယူ
