AI ဖြင့် ဖန်တီးထားသည့် မိကျောင်းပုံအတု ဖြန့်ဝေခဲ့သည့် မြန်မာနိုင်ငံသား စင်ကာပူတွင် တရားစွဲခံရ
စင်ကာပူနိုင်ငံရှိ ရေလှောင်ကန်တစ်ခုတွင် ရေငန်မိကျောင်းတွေ့ရှိသည်ဟု ထင်မြင်စေသည့် AI ဖြင့် ဖန်တီးထားသော မိကျောင်းပုံအတုကို ဖြန့်ဝေခဲ့သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား Ye Lin ကို စင်ကာပူရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။
Ye Lin ကို မမှန်ကန်သည့် သတင်းစကား ဖြန့်ဝေမှုနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်ကို အဟန့်အတားပြုမှုတို့ဖြင့် တရားစွဲဆိုထားပါတယ်။ ရဲတပ်ဖွဲ့၏အဆိုအရ ၎င်းသည် AI အသုံးပြု၍ မိကျောင်းပုံကို ဖန်တီးကာ လုပ်ဖော်ကိုင်ဖက်တစ်ဦးထံ ပေးပို့ခဲ့ပြီး နောက်ပိုင်းတွင် သက်သေဖျောက်ရန် ပုံနှင့် အသုံးပြုခဲ့သည့် Application ကို ဖျက်ခဲ့ပါတယ်။
စင်ကာပူအမျိုးသားရေအေဂျင်စီထံ ဩဂုတ် ၂၀ ရက်က Pandan Reservoir တွင် မိကျောင်းတွေ့ရှိကြောင်း သတင်းရရှိခဲ့ပြီး အာဏာပိုင်များက မိကျောင်းရှာဖွေဖမ်းဆီးရေးလုပ်ငန်းများ ပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် Singapore Rowing Association နှင့် Singapore Canoe Federation တို့ကိုလည်း ရေလှောင်ကန်အတွင်း လှုပ်ရှားမှုများ ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ပါတယ်။
သို့သော် နောက်တစ်နေ့တွင် အဆိုပါ မိကျောင်းပုံသည် အတုဖြစ်ကြောင်း ရေအေဂျင်စီက အတည်ပြုခဲ့ပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ အဆိုပါပုံကြောင့် ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရေလှောင်ကန်အတွင်း လုပ်ငန်းများကို နှစ်ရက်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။
ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ Ye Lin သည် တရားရုံးတွင် စကားပြန်မှတစ်ဆင့် အပြစ်ရှိကြောင်း ဝန်ခံရန် ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ အမှုကို နိုဝင်ဘာလတွင် ထပ်မံကြားနာမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံရနိုင်ပါတယ်။
စင်ကာပူဥပဒေအရ မမှန်ကန်သည့် သတင်းစကား ပေးပို့မှုအတွက် ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိ ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ပြီး၊ တရားစီရင်ရေးကို အဟန့်အတားပြုမှုအတွက် ထောင်ဒဏ် ၇ နှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် နှစ်ရပ်စလုံး ချမှတ်နိုင်ပါတယ်။
BBC News
