AI နည်းပညာကုမ္ပဏီကြီး Anthropic က ရှယ်ယာရောင်းချမည့်ခြေလှမ်း စတင်

အမေရိကန်နိုင်ငံမှာ AI ဉာဏ်ရည်တုနည်းပညာကုမ္ပဏီ Anthropic ဟာ အများပိုင်အဖြစ် ပြောင်းလဲပြီး စတော့ဈေးကွက်ထဲ ဝင်ရောက်ဖို့အတွက် စီစဉ်နေပြီဖြစ်ကြောင်း အတည်ပြုပါတယ်။
နာမည်ကြီး Chatbot တွေထဲက တခုဖြစ်တဲ့ Claude ကို ဖန်တီးခဲ့တဲ့ အဲဒီကုမ္ပဏီဟာ IPO (Initial Public Offering) အစီအစဉ်အတိုင်း အများပြည်သူဆီ အစုရှယ်ယာတွေ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဇွန် ၁ ရက်က လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ငွေချေးသက်သေခံလက်မှတ်နဲ့ လဲလှယ်ရေးကော်မရှင်ဆီမှာ (SEC) လျှို့ဝှက်စွာ တင်သွင်းခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တကယ်လို့ အများပိုင်ကုမ္ပဏီဖြစ်သွားပြီ ဆိုရင်တော့ Anthropic ရှယ်ယာတွေကို ရင်းနှီးမြှုပ်နှံသူ တွေက စတော့စျေးကွက်အတွင်း ဝယ်ယူရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း Anthropic ရောင်းချမဲ့ ရှယ်ယာအရေအတွက်နဲ့ ဈေးနှုန်းကိုတော့ မသတ်မှတ်ရ သေးဘူးဆိုပြီး ကုမ္ပဏီဘက်က ပြောထားပါတယ်။
တချိန်တည်းမှာ Anthropic ရော၊ အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီကပါ စတော့ဈေးကွက်ထဲဝင်မဲ့ အစီအစဉ်ကြောင့် AI ကုမ္ပဏီတွေရဲ့ မြင့်မားတဲ့ တန်ဖိုးသတ်မှတ်ချက်အတိုင်း တကယ်ရင်းနှီး မြှုပ်နှံချင်ကြသလား ဆိုတာကို စမ်းသပ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မကြာသေးခင်ကပဲ Anthropic ဟာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံငွေကို ထပ်ပြီး ရှာဖွေနိုင်ခဲ့တဲ့အလျောက် ကုမ္ပဏီတန်ကြေးဟာ ဒေါ်လာ ၉၆၅ ဘီလီယံနဲ့အထက် မြင့်တက်လာပါတယ်။
ဒါဟာ အနာဂတ်တိုးတက်နိုင်ခြေ အလားအလာကို အခြေခံတွက်ချက်ထားတာ ဖြစ်ပေမဲ့လည်း Anthropic က ဒေါ်လာ ၈၅၂ ဘီလီယံ တန်ဖိုးသတ်မှတ်ခံထားတဲ့ OpenAI ထက်တောင် ကျော်လွန်သွားခဲ့ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကမှ Anthropic ကုမ္ပဏီကို အမှုဆောင်အရာရှိချုပ် ဒါရီယို အမိုဒေ ကိုယ်တိုင် စတင်တည်ထောင်ခဲ့တာပါ။
အဲဒီမတိုင်ခင် အချိန်တုန်းက သူဟာ OpenAI မှာ နှစ်အတော်ကြာ လုပ်ကိုင်ခဲ့ဖူးပြီး စီးအီးအိုဖြစ်သူ ဆမ်အော့တ်မန်းနဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တဲ့အတွက် ကုမ္ပဏီကို စွန့်ခွာခဲ့သူ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဒီကုမ္ပဏီနှစ်ခုကြား AI လောကရဲ့ ခါးသီးတဲ့ ပြိုင်ဘက်တွေ ဖြစ်လာ ခဲ့ကြပါတယ်။
Anthropic နဲ့ OpenAI က တူညီတဲ့နည်းပညာကို တီထွင်နေကြတာ ဖြစ်တဲ့အလျောက် သာမန်အသုံးပြုသူတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ စိတ်ဝင်စားမှုနဲ့ ဝယ်ယူသုံးစွဲမှု ရလာဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြတာပါ။
ဒီနှစ်ထဲမှာ OpenAI ကပါ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ စဉ်းစားလျက်ရှိကြောင်း သတင်းထွက်နေပေမဲ့လည်း အလျင်စလိုလုပ်မှာ မဟုတ်ဘူးဆိုပြီး CNBC သတင်းဌာနကို အော့တ်မန်းက ဖြေဆိုထားပါတယ်။
