CNG ဆလင်ဒါသက်တမ်း ၁၅ နှစ်နှစ်ပြည့်ယာဉ်များအသစ်လဲလှယ်ရန် အသိပေး
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရန်နှင့် ခရီးသွားပြည်သူများအတွက် သယ်ယူပို့ဆောင်ရေးစရိတ် သက်သာစေရန် ရည်ရွယ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက CNG သုံးယာဉ်များအတွက် သဘာဝဓာတ်ငွေ့ကို တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တစ်ဖက်တွင်လည်း CNG အသုံးပြုယာဉ်များ ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနရှိ CNG Retest Factory တွင် ဆလင်ဒါအိုးများ၏ သက်တမ်းအလိုက် စစ်ဆေးမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။
သတ်မှတ်ထားသည့် စည်းမျဉ်းများအရ ထုတ်လုပ်သည့်နှစ်မှစ၍ သက်တမ်း ၅ နှစ်ပြည့် CNG ဆလင်ဒါအိုးများကို ပထမအကြိမ်၊ ၁၀ နှစ်ပြည့်အိုးများကို ဒုတိယအကြိမ် စစ်ဆေးပေးလျက်ရှိပြီး ၁၅ နှစ်ပြည့်သွားသည့် ဆလင်ဒါအိုးများကိုမူ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သက်တမ်းကုန်ဆုံးအိုးအဖြစ် သတ်မှတ်ကာ အသစ်လဲလှယ်တပ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။
ထို့ကြောင့် CNG အသုံးပြုယာဉ်များတွင် တပ်ဆင်ထားသည့် ဆလင်ဒါအိုးသက်တမ်း ၁၅ နှစ်ပြည့်ပြီးသူများအနေဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ထက် နောက်မကျစေဘဲ ဆလင်ဒါအိုးအသစ်များ လဲလှယ်တပ်ဆင်ရန်နှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနသို့ သွားရောက်စစ်ဆေးမှု ခံယူကြရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။
သတ်မှတ်ရက်အတွင်း ဆလင်ဒါအိုးအသစ် လဲလှယ်ခြင်းမရှိသည့် ယာဉ်များကို CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းသွားမည်ဖြစ်ပြီး အိုးအသစ်တပ်ဆင်ကာ သက်ဆိုင်ရာဌာနတွင် စစ်ဆေးမှုခံယူပြီးမှသာ ဓာတ်ငွေ့ပြန်လည်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နိုဝင်ဘာ ၂ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယာဉ်စီးနင်းသူများနှင့် လမ်းအသုံးပြုသူများ၏ ဘေးကင်းရေးကို ရှေးရှု၍ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ကြရန် CNG သုံးယာဉ်ပိုင်ရှင်များအား အသိပေးထားခြင်းဖြစ်သည်။
သတင်းနှင့်ပုံ - MOE
