သံလမ်းပေါ်အိပ်နေသည့် အမျိုးသားတစ်ဦး DEMU ရထားကြိတ်မိ၍ သေဆုံး
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပေါင်–သဲဖြူကုန်း ရထားလမ်းပိုင်းတွင် သံလမ်းပေါ်အိပ်နေသည့် အမျိုးသားတစ်ဦးကို ရန်ကုန်–မော်လမြိုင် အမှတ် (၈၃) အဆန် DEMU ရထားက ကြိတ်မိခဲ့ရာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီ ၁၃ မိနစ်ခန့်တွင် ပေါင်ဘူတာမှ မော်လမြိုင်ဘူတာသို့ ထွက်ခွာလာသည့် ရထားသည် မိုင်တိုင်အမှတ် (၁၆၂/၁၁) နှင့် (၁၆၂/၁၂) ကြား၌ သံလမ်းပေါ်အိပ်နေသူအား ကြိတ်မိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ဇေယျာလင်းဖြစ်ပြီး ရထားကြိတ်မိမှုကြောင့် ဦးခေါင်းကြေမွဒဏ်ရာနှင့် ဘယ်ဘက်လက်ပြတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမှတ် (၈၃) DEMU ရထားမှာ သတ်မှတ်ချိန်ထက် မိနစ် ၄၀ ခန့် နောက်ကျခဲ့ကြောင်းလည်း သိရသည်။
မွန်ပြည်နယ်အတွင်း ရထားလမ်းကူးနေရာများ၌ ရထားနှင့် ယာဉ်တိုက်မှု၊ ရထားကြိတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။
ပုံ - လူမှုကူညီကယ်ဆယ်ရေးအသင်း
