ပြင်ဦးလွင်–မန္တလေး အဆင်းလမ်းတွင် Express ယာဉ်ချောက်ထဲထိုးကျ၊ ၆ ဦးသေဆုံးပြီး ၁၂ ဦးပျောက်ဆုံးနေ
ပြင်ဦးလွင်–မန္တလေး အဆင်းလမ်း မိုင်တိုင်အမှတ် ၁၉ မီးသတ်ကွေ့တွင် အောက်တိုဘာ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်က ဘရိတ်ပေါက်သည့် Express ခရီးသည်တင်ယာဉ်တစ်စီးသည် မျက်နှာချင်းဆိုင်မှလာသော အငှားယာဉ်ကို တိုက်မိပြီး ပေအနက် ၅၀ ခန့်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် YU TONG အမျိုးအစား နယူးမန္တလာထွန်း Express ယာဉ်သည် မီးသတ်ကွေ့အရောက်တွင် ဘရိတ်ပေါက်ကာ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ မောင်းနှင်လာသည့် ခဲရောင် NISSAN WINGROAD AD VAN အမျိုးအစား အငှားယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် အငှားယာဉ်မောင်းတစ်ဦးနှင့် Express ယာဉ်ပေါ်ပါ ခရီးသည် ၅ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် ပျောက်ဆုံးနေသူ ၁၂ ဦးကိုလည်း ဆက်လက်ရှာဖွေနေကြောင်း ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများကို မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ကုသပေးခဲ့ပြီး ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းနှင့် အခြားလူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
သေဆုံးသူနှင့် ပျောက်ဆုံးသူအရေအတွက်အပြင် ခရီးသည်အရေအတွက်နှင့်ပတ်သက်၍ သတင်းရင်းမြစ်များအကြား ကွဲလွဲချက်များရှိနေသဖြင့် နောက်ဆုံးအတည်ပြုချက်ကို စောင့်ကြည့်ရန် လိုအပ်သည်။
သတင်းနှင့်ပုံ - MSFD , လူမှုကယ်ဆယ်ရေး မန္တလေး
