Logo
Monday, November 9, 2026
Back to Home
Local News

ယာဉ်မောင်း အတက်ရောဂါဖောက်၍ ယာဉ်မတော်တဆဖြစ်ပွား

By Admin•September 18, 2026
ယာဉ်မောင်း အတက်ရောဂါဖောက်၍ ယာဉ်မတော်တဆဖြစ်ပွား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၉ မိုင်ရှိ ဘောနတ်ကြီးယာဉ်ရပ်နားစခန်းအတွင်း စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ယာဉ်မောင်းဖြစ်သူ ရုတ်တရက် အတက်ရောဂါဖောက်ပြီး အရှိန်မြှင့်ခြေနင်းကို မတော်တဆ ဖိနင်းမိရာမှ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း လေးဦး လိုက်ပါလာသော အနက်ရောင် KIA Seltos SUV ယာဉ်သည် ဘောနတ်ကြီးယာဉ်ရပ်နားစခန်းအတွင်း ဝင်ရောက်ပြီး ပြန်လည်ထွက်ခွာစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်ပြန်လည်ထွက်ခွာစဉ် ယာဉ်မောင်းဖြစ်သူမှာ ရုတ်တရက် အတက်ရောဂါဖောက်ကာ ခြေထောက်အကြောများ တောင့်သွားပြီး အရှိန်မြှင့်ခြေနင်း (Gas Pedal/Accelerator) ကို မတော်တဆ ဖိနင်းမိခဲ့ကြောင်း သိရသည်။

ထိုသို့ အရှိန်မထိန်းနိုင်ဘဲ ယာဉ်ရပ်နားစခန်းအတွင်းရှိ ပလက်ဖောင်းအုတ်ခုံကို ကျော်တက်သွားပြီးနောက် ယာဉ်ရပ်နားရန် ဆောက်လုပ်ထားသည့် သွပ်မိုးအဆောက်အအုံနှင့် ပန်းအုတ်ခုံတို့ကို ဝင်တိုက်ခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အမြန်လမ်းမကြီး အသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းနှင်စဉ် မိမိတို့၏ ကျန်းမာရေးအခြေအနေကို အထူးဂရုပြုရန်လိုအပ်ပြီး အတက်ရောဂါ၊ နှလုံးရောဂါ၊ အိပ်ငိုက်ရောဂါ (Obstructive Sleep Apnea - OSA) ရှိသူများ၊ မျက်စိအမြင်အားနည်းသူများနှင့် အာရုံကြောအားနည်းသူများအနေဖြင့် သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများ၏ ခွင့်ပြုချက်ရရှိပြီးမှသာ ယာဉ်မောင်းနှင်ကြရန် အဖွဲ့က သတိပေးထားသည်။

#သုတမြေ #ယာဉ်တိုက် #သတင်းစုံ