ပတ္တရားကမ်းခြေတွင် Halloween ပွဲတော်နှင့်အတူ နိုင်ငံတကာ Bikini အပြေးပြိုင်ပွဲကြီး ကျင်းပမည်
ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ၁၀ ကြိမ်မြောက်အဖြစ် ကျင်းပမည့် Pattaya International Bikini Beach Race 2026 အပြေးပြိုင်ပွဲကို အောက်တိုဘာ ၃၁ ရက်၊ စနေနေ့ ညနေ ၅ နာရီမှစတင်ကာ ပတ္တရားကမ်းခြေ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ပြိုင်ပွဲကို ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Halloween ပင်လယ်ကမ်းခြေပွဲတော်အသွင်ဖြင့် ကျင်းပမည်ဖြစ်ပြီး အဆိုပါညတွင်ပင် ပတ္တရား Halloween Festival နှင့် Parade ပွဲတော်များကိုလည်း ပတ္တရားကမ်းခြေနှင့် Walking Street တို့၌ တစ်ပြိုင်နက် ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် ပတ္တရားမြို့တော်ခန်းမ၌ ဒုတိယမြို့တော်ဝန် Kritsana Boonsawat က ဦးဆောင်၍ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ Pattaya Business and Tourism Association (PCBTA) ဥက္ကဋ္ဌ Chutima Jiramongkol၊ ပတ္တရားမြို့မရဲစခန်းမှ ယာဉ်ထိန်းရဲအရာရှိ၊ Central Pattaya ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်မှုများ၊ ယာဉ်အသွားအလာ ထိန်းသိမ်းကြပ်မတ်ရေးနှင့် လမ်းဖြတ်ကူးရမည့်နေရာများတွင် အန္တရာယ်ကင်းရှင်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ပတ္တရားမြို့တော်၊ Pattaya Business and Tourism Association (PCBTA) နှင့် Central Pattaya တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ၅ ကီလိုမီတာ အပြေးပြိုင်ပွဲအဖြစ် ပတ္တရားကမ်းခြေရှိ Central Pattaya ရှေ့မှ စတင်ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၀ ကျော်မှ အပြေးသမားများနှင့် လိုက်ပါအားပေးသူ စုစုပေါင်း ၅,၀၀၀ ကျော် ပါဝင်တက်ရောက်လာမည်ဟု ပွဲစီစဉ်သူများက ခန့်မှန်းထားသည်။
ပြိုင်ပွဲဝင်များနှင့် ပွဲတော်လာရောက်သူများ ဘေးကင်းစေရန် မြို့တော်အာဏာပိုင်များက လမ်းဖြတ်ကူးသည့်နေရာများအပါအဝင် လမ်းကြောင်းတစ်လျှောက်တွင် တာဝန်ရှိဝန်ထမ်းများ ချထားကာ ယာဉ်အသွားအလာကို ထိန်းညှိပေးပြီး လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် ပတ္တရားကမ်းခြေရှိ ထီးအငှားလုပ်ငန်းများအနေဖြင့် အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ည ၈ နာရီနောက်ပိုင်းမှစ၍ သတ်မှတ်ထားသော နေရာများမှ ကမ်းခြေထီးနှင့် ဆက်စပ်ပစ္စည်းများကို ဖယ်ရှားပေးရန် အသိပေးထားသည်။
အဆိုပါသတ်မှတ်ချက်သည် ကမ်းခြေရှိ Lock 65 မှ 73 အထိနှင့် Lock 74 တို့အတွက်ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်တွင် လုပ်ငန်းများ ယာယီရပ်နားထားရမည်ဖြစ်သည်။ ပုံမှန်လုပ်ငန်းလည်ပတ်မှုကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Thailand Edition news
ဓာတ်ပုံ - ၂၀၂၅ ခုနှစ် ပတ္တရားကမ်းခြေတွင် ဘီကီနီပွဲတော်ကျင်းပခဲ့ပုံများ
