H&M အော်ဒါမရရှိတော့သဖြင့် Teng Hui Myanmar အထည်ချုပ်စက်ရုံ စက်တင်ဘာလကုန် ပိတ်သိမ်းမည်
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ Teng Hui Myanmar အထည်ချုပ်စက်ရုံကို အဓိကအော်ဒါမှာယူသူဖြစ်သည့် H&M ထံမှ အော်ဒါအသစ်များ မရရှိတော့သဖြင့် စက်တင်ဘာလကုန်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း စက်ရုံနှင့် အလုပ်သမားများထံမှ သိရသည်။
အဆိုပါစက်ရုံတွင် လက်ရှိ အလုပ်သမား ၃,၀၀၀ ကျော် အလုပ်လုပ်ကိုင်နေပြီး အများစုမှာ အမျိုးသမီးလုပ်သားများဖြစ်ကြောင်း သိရသည်။ စက်ရုံဘက်ကလည်း လုပ်ငန်းရပ်နားမည့်အခြေအနေကို အလုပ်သမားများအား အသိပေးထားပြီး အလုပ်သစ်များ ကြိုတင်ရှာဖွေထားရန် ပြောကြားထားကြောင်း အလုပ်သမားများက ဆိုသည်။
စက်ရုံပိတ်သိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ စက်ရုံဘက်သို့ မေးမြန်းရာ စက်တင်ဘာလကုန်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း အတည်ပြုထားပြီး အလုပ်သမားများအတွက် စာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ နစ်နာကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားများအကြား “တိန်ဟွေးစက်ရုံ” ဟု လူသိများသည့် Teng Hui Myanmar သည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် စတင်လည်ပတ်ခဲ့ပြီး ၁၃ နှစ်ကျော်အတွင်း လူပေါင်းထောင်ချီကို အလုပ်အကိုင်ပေးခဲ့သည့် အထည်ချုပ်လုပ်ငန်းတစ်ခုဖြစ်သည်။ ယခင်က အလုပ်သမား ၆,၀၀၀ ကျော်အထိ အလုပ်အကိုင်ပေးနိုင်ခဲ့သော်လည်း လက်ရှိတွင် အော်ဒါရရှိမှု လျော့နည်းလာခြင်းကြောင့် လုပ်ငန်းရပ်နားရန် ဖြစ်လာခြင်းဖြစ်ကြောင်း အလုပ်သမားအချို့က ပြောသည်။
စက်ရုံပိတ်သိမ်းမည့်သတင်းကြောင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် အလုပ်သမားများအကြား ဝမ်းနည်းမှုများ ဖြစ်ပေါ်နေပြီး လူမှုကွန်ရက်များနှင့် TikTok တွင်လည်း စက်ရုံနှင့် လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်သည့် အကြောင်းအရာများ မျှဝေထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် အော်ဒါရရှိမှုကျဆင်းခြင်းနှင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲများကြောင့် စက်ရုံပိတ်သိမ်းမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ယခုနှစ် ဇွန်လကုန်တွင် ရွှေပြည်သာစက်မှုဇုန်ရှိ Kings Rich Fashion (Myanmar) အထည်ချုပ်စက်ရုံလည်း ပိတ်သိမ်းခဲ့ရာ အလုပ်သမား ၁,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။
