Logo
Wednesday, November 11, 2026
Back to Home
Weather News

မိုးသည်းထန်မှုနှင့် လေပြင်းအန္တရာယ်များကြောင့် ဒေသအချို့ သတိပြုရန်လို

By Admin•September 21, 2026
မိုးသည်းထန်မှုနှင့် လေပြင်းအန္တရာယ်များကြောင့် ဒေသအချို့ သတိပြုရန်လို

ယနေ့ မြန်မာစံတော်ချိန် နံနက် ၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး လာမည့် ၁၈ နာရီအတွင်း အားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ယင်းနောက် လာမည့် ၃၆ နာရီအတွင်း အဆိုပါစနစ်သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရွေ့လျားကာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။ ထို့အပြင် နောက် ၇၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် တောင်ပိုင်းမှ အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။ လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေ အားကောင်းနေပြီး မိုးတိမ်များ အသင့်အတင့်မှ ထူထပ်သည့်အခြေအနေရှိပါသည်။

ယနေ့ညနေအထိ မိုးလေဝသအခြေအနေအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ပါသည်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ အဆိုပါဒေသများအပါအဝင် နိုင်ငံတစ်ဝန်း မိုးရွာနိုင်ခြေမှာ မြင့်မားပြီး ရွာရန်ရာနှုန်းပြည့်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နေပါသည်။ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာဒေသများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် လိုအပ်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျရောက်ချိန်တွင် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်ပါသည်။

လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် ယနေ့ညနေအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာနိုင်ခြေမှာ ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်မှ နှစ်ကြိမ်ခန့် ထစ်ချုန်းရွာနိုင်ပြီး တစ်ခါတစ်ရံ မိုးသည်းထန်နိုင်ကာ မိုးရွာနိုင်ခြေ ရာနှုန်းပြည့်ရှိပါသည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာနိုင်ခြေမှာ ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးဇလ

#သုတမြေ #သတင်းစုံ #မိုးလေဝသ