ဒိုင်နိုဆောရုပ်ကြွင်း “Jodi” ကို ဒေါ်လာ ၄၇.၃ သန်းဖြင့် လေလံတင်ရောင်းချ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Sotheby’s လေလံပွဲတွင် နှစ်ပေါင်း ၆၇ သန်းခန့် သက်တမ်းရှိ ဒိုင်နိုဆောအရိုးစု “Jodi” ကို အမေရိကန်ဒေါ်လာ ၄၇.၃ သန်းခန့်ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ယင်းပမာဏသည် မူလခန့်မှန်းတန်ဖိုး ဒေါ်လာ ၆ သန်းမှ ၉ သန်းထက် များစွာကျော်လွန်ခဲ့ပြီး လေလံတင်ရောင်းချခဲ့သည့် ဒိုင်နိုဆောရုပ်ကြွင်းများအနက် ဒုတိယဈေးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လေလံပွဲတွင် ဝယ်ယူသူခြောက်ဦးက ဖုန်းနှင့် အွန်လိုင်းမှတစ်ဆင့် ၁၂ မိနစ်ကြာ ယှဉ်ပြိုင်လေလံဆွဲခဲ့ကြပြီး အမည်မဖော်ပြသော ဖုန်းမှလေလံဆွဲသူတစ်ဦးက အနိုင်ရရှိခဲ့သည်။ လေလံဈေးမှာ ဒေါ်လာ ၄၀.၅ သန်းဖြင့် အဆုံးသတ်ခဲ့ပြီး အခကြေးငွေများပါ ထည့်တွက်ရာ စုစုပေါင်း ဒေါ်လာ ၄၇.၂၅၅ သန်းအထိ ရောက်ရှိခဲ့သည်။
“Jodi” သည် ယခင်က Tyrannosaurus rex (T. rex) ဒိုင်နိုဆောငယ်တစ်ကောင်ဟု မှားယွင်းယူဆခဲ့ကြသော်လည်း သုတေသီများက သီးခြားမျိုးစုဖြစ်သည့် Nanotyrannus အုပ်စုဝင်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အရိုးစုတွင် ရုပ်ကြွင်းအရိုးအစိတ်အပိုင်း ၁၉၁ ခုခန့် ပါဝင်ပြီး ဦးခေါင်းခွံမှာလည်း ကောင်းစွာထိန်းသိမ်းထားနိုင်ကြောင်း Sotheby’s က ဖော်ပြသည်။
လက်ရှိတွင် “Jodi” ထက် ဈေးပိုမိုရရှိထားသည့် ဒိုင်နိုဆောရုပ်ကြွင်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လက ဒေါ်လာ ၅၀.၁ သန်းဖြင့် ရောင်းချခဲ့သည့် “Gus” အမည်ရှိ T. rex အရိုးစုဖြစ်သည်။ ထို့ပြင် “Jodi” ၏ ရောင်းဈေးသည် ၂၀၂၄ ခုနှစ်က ဒေါ်လာ ၄၄.၆ သန်းဖြင့် ရောင်းချခဲ့သည့် “Apex” အမည်ရှိ Stegosaurus အရိုးစု၏ ဈေးနှုန်းကိုလည်း ကျော်လွန်ခဲ့သည်။
ဒိုင်နိုဆောရုပ်ကြွင်းများကို ပုဂ္ဂလိကလေလံပွဲများတွင် ရောင်းချခြင်းနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များအကြား ဆွေးနွေးငြင်းခုံမှုများလည်း ရှိနေဆဲဖြစ်သည်။
Reuters
