သီလရှင်ဝတ်စုံဖြင့် ယှဉ်ပြိုင်မှုနှင့်သက်ဆိုင်သူများ အမှုဖွင့်ခံထားရ၊ Miss Grand Myanmar ပြိုင်ပွဲ ရွှေ့ဆိုင်း


ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် Miss Grand Myanmar 2026 ပြိုင်ပွဲအတွင်း အလှမယ်တစ်ဦးမှ သီလရှင်ဝတ်စုံဖြင့် ယှဉ်ပြိုင်ခဲ့မှုကြောင့် အများပြည်သူအတွင်း အငြင်းပွားမှုများ မြင့်တက်လာခဲ့ပြီး၊ အာဏာပိုင်များက ဥပဒေအရ အရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။
မေ ၄ ရက်နေ့က The Eravati Sule Grand Yangon တွင် ကျင်းပခဲ့သော ပြိုင်ပွဲအတွင်း ထိုကဲ့သို့ ဝတ်ဆင်ယှဉ်ပြိုင်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲကို ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့ကြောင်းလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးဘက်မှ ပြောကြားထားသည်။ ထို့ကြောင့် ပွဲစီစဉ်သူများ၊ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အလှမယ်တို့အား ကျောက်တံတားခရိုင်တွင် ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ပြိုင်ပွဲတွင် တာချီလိတ်ကိုယ်စားပြု အလှမယ် အိမွန်လွင် ၏ ဝတ်စုံပြသမှုသည် လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့ပြီး၊ ဘာသာရေးအပေါ် မလေးမစားပြုလုပ်မှုဖြစ်ကြောင်း အများပြည်သူ၏ ဝေဖန်မှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။
ဖြစ်ပေါ်လာသော အခြေအနေများကြောင့် ပြိုင်ပွဲ၏ ဆက်လက်ကျင်းပရန် ကျန်ရှိနေသည့် Preliminary Competition နှင့် Grand Final အစီအစဉ်များကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း Miss Grand Myanmar အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန က ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြပြီး၊ သက်ဆိုင်ရာသူများအား စိစစ်ဖော်ထုတ်ကာ လိုအပ်သလို အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန် မေ ၅ ရက်နေ့တွင် ညှိနှိုင်းထားကြောင်း သိရသည်။
ထို့အပြင် ပြိုင်ပွဲစီစဉ်သူများဘက်မှလည်း အဆိုပါဝတ်စုံသည် အစမ်းလေ့ကျင့်ချိန်တွင် မပါဝင်ခဲ့ဘဲ ပြိုင်ပွဲအတွင်းမှသာ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းထားပြီး၊ ယင်းအလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်ထားကြောင်း ထုတ်ပြန်ထားသည်။
#MissGrandMyanmar #အလှမယ် #အမှုဖွင့် #သတင်း #သုတမြေ See less
