ထိုင်း MRT Blue Line မီးလောင်မှုကြောင့် ဘူတာအားလုံး ယာယီပိတ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ MRT Blue Line လမ်းပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် Bangkok Expressway and Metro Public Company Limited (BEM) က ယမန်နေ့ စက်တင်ဘာ ၂၀ ရက်တွင် MRT ဝန်ဆောင်မှုများကို ဘူတာအားလုံး၌ ယာယီရပ်ဆိုင်းခဲ့ပါတယ်။
နေ့လယ် ၁၂ နာရီခွဲခန့်တွင် Tao Poon နှင့် Bang Pho ဘူတာကြား လမ်းကြောင်းအနီးရှိ လျှပ်စစ်ကြိုးများ Short Circuit ဖြစ်ကာ မီးလောင်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတွင် လျှပ်စစ်စနစ်ချို့ယွင်းမှုကြောင့် Blue Line ဘူတာအချို့မှာ ခရီးစဉ်နောက်ကျမှု မိနစ် ၆၀ ခန့်ရှိခဲ့ပြီး Tha Phra ဘက်သို့ ပြေးဆွဲသည့် ဝန်ဆောင်မှုများလည်း ထိခိုက်ခဲ့ပါတယ်။
အရေးပေါ် ၁၉၉ ဖုန်းလိုင်းမှ သတင်းရရှိပြီးနောက် Bang Pho မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့က မီးသတ်ယာဉ်များနှင့်အတူ ချက်ချင်းထွက်ခွာခဲ့ပြီး ၁၂ နာရီ ၃၂ မိနစ်တွင် Tao Poon ဘူတာသို့ ရောက်ရှိခဲ့ပါတယ်။ မီးလောင်မှုဟာ ဘူတာအဆောက်အအုံအတွင်း မဟုတ်ဘဲ ရထားလမ်းတစ်လျှောက်ရှိ လျှပ်စစ်ကြိုးများတွင် ဖြစ်ပွားခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
မီးသတ်သမားများက မီးတောက်များ ဆက်လက်မြင်တွေ့နေရပြီး ဗို့အားမြင့် လျှပ်စစ်ပစ္စည်းများ ပါဝင်တာကြောင့် အထူးသတိထားကာ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ မီးခိုးများကို ဖယ်ရှားရန် လေဝင်လေထွက်ပန်ကာကြီးများ အသုံးပြုခဲ့ပြီး အပူချိန်မြင့်တက်နေသည့်နေရာများကို Thermal Imaging Camera ဖြင့် စစ်ဆေးခဲ့ပါတယ်။
Tao Poon ဘူတာက မွန်းလွဲ ၁၂ နာရီ ၄၆ မိနစ်တွင် ချိတ်ဆက်ပြေးဆွဲနေသည့် လမ်းကြောင်းများအားလုံးကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ ခရီးသည်များကိုလည်း ဘူတာအဆောက်အအုံအတွင်းမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
BEM က ခရီးသည်များနှင့် ဝန်ထမ်းများ၏ ဘေးကင်းရေးကို ဦးစားပေးပြီး မီးလောင်မှုဖြစ်စဉ်နှင့် လျှပ်စစ်စနစ်ပျက်စီးမှုများကို သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ဝန်ဆောင်မှုများကို ဘေးကင်းစွာ အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရန် ကြိုးပမ်းနေပြီး ပြန်လည်ဖွင့်လှစ်မည့်အချိန်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
BEM က ခရီးသည်များ၏ ခရီးသွားအစီအစဉ်များ ထိခိုက်ခဲ့မှုအတွက် တောင်းပန်ခဲ့ပြီး နောက်ဆုံးရအခြေအနေများကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
National Tiger news
