Logo
Tuesday, November 10, 2026
Back to Home
International News

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကြီးဘီယာဆိုင် မီးလောင်ပေါက်ကွဲမှုကြောင့် ၂၇ ဦးသေဆုံး၊ အများအပြား စိုးရိမ်ရ

By Admin•July 13, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကြီးဘီယာဆိုင် မီးလောင်ပေါက်ကွဲမှုကြောင့် ၂၇ ဦးသေဆုံး၊ အများအပြား စိုးရိမ်ရ

ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့၊ Chatuchak ခရိုင်ရှိ လူစည်ကားသော Rong Beer Na Lat Phrao ဘီယာဆိုင်တွင် ဇူလိုင် ၁၃ ရက် ညပိုင်းက မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ဆေးရုံတင်ကုသနေရကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် ၂၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန် (Anutin Charnvirakul) သည် ဖြစ်စဉ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး ကနဦး စုံစမ်းချက်များအရ မီးလောင်မှုဖြစ်ပွားပြီး မကြာမီ ဆိုင်အတွင်း မီးခိုးများ လျင်မြန်စွာ ပြည့်နှက်သွားခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းသူအများစုမှာ အိမ်သာဘက်သို့ စုပြုံသွားခဲ့သော်လည်း အရေးပေါ်မီးဘေးထွက်ပေါက် မရှိခဲ့ကြောင်း ပြောကြားသည်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေးဌာန ညွှန်ကြားရေးမှူး ဆူရီယာချိုင် ရာဝီဝမ်က သေဆုံးသူဦးရေမှာ ၂၇ ဦးတွင် တည်ငြိမ်နေပြီး ဒဏ်ရာရသူများအား ဆေးရုံများတွင် ဆက်လက်ကုသပေးနေကြောင်း ပြောသည်။ ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် စစ်တီပွန်ကလည်း ဆေးရုံတင်ထားရသူများအနက် ၂၂ ဦးမှာ အခြေအနေ စိုးရိမ်ရဆဲဖြစ်ကြောင်း အတည်ပြုခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ မီးလောင်မှုသည် စင်မြင့်ရှေ့ပိုင်းမှ စတင်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန်တွင် မီးသည် ဆိုင်အတွင်း နေရာအများစုသို့ ကူးစက်လောင်ကျွမ်းနေပြီဖြစ်သည်။

မီးသတ်သမားတစ်ဦးက မီး၏အရှိန်မှာ မပြင်းထန်သော်လည်း မီးခိုးများက ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး အသက်ရှင်လွတ်မြောက်လာသူအများစုမှာ မီးခိုးရှူမိသဖြင့် အသက်ရှူကျပ်ဝေဒနာ ခံစားခဲ့ရကြောင်း ပြောဆိုခဲ့သည်။

Reuters က ရရှိထားသည့် ကယ်ဆယ်ရေးဝန်ထမ်း၏ ကိုယ်တပ်ကင်မရာမှတ်တမ်းတွင် မီးသတ်တပ်ဖွဲ့ဝင်များသည် အောက်ဆီဂျင်မျက်နှာဖုံးများ တပ်ဆင်ကာ ဓာတ်မီးများဖြင့် ဆိုင်အတွင်း ဝင်ရောက်ရှာဖွေနေသည့် မြင်ကွင်းများ၊ အိမ်သာအနီး ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကယ်ဆယ်ရေးဝန်ထမ်းများက ထမ်းစင်များဖြင့် သယ်ဆောင်ထုတ်ယူနေသည့် မြင်ကွင်းများ ပါဝင်ကြောင်း သိရသည်။

#ဘန်ကောက် #မီးလောင် #သုတမြေ #နိုင်ငံတကာ #သတင်းထူးသတင်းဦး

See less

745541961_1644332946626436_7938428074529850723_n