ငဝန်တာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေး အဓိကအဆင့်ပြီးစီး
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ရေဖြတ်သန်းစီးဆင်းပြီး တာတမံနိမ့်ကျခဲ့ရာကနေ ဖြစ်ပေါ်လာတဲ့ ရေဝင်လမ်းကြောင်းကို ပိတ်ဆို့နိုင်ရေး လုပ်ငန်းတွေကို ဩဂုတ်လအစကတည်းက အဆင့်ဆင့် ဆောင်ရွက်လာခဲ့ပါတယ်။
ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးနဲ့ တာတမံခိုင်ခံ့ရေးအတွက် Geo-bag၊ သဲအိတ်နဲ့ Steel Sheet Pile တွေကို အသုံးပြုကာ ရေစီးအား ထိန်းချုပ်ပြီး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အခုအခါ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းရဲ့ အဓိကအဆင့်တစ်ရပ်ဖြစ်တဲ့ Sheet Pile ရိုက်သွင်းခြင်းကို စက်တင်ဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီမှာ အားလုံးအပြည့်အဝ ရိုက်သွင်းပိတ်ဆို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရေစီးအားပြင်းထန်နေတဲ့ အခြေအနေကြားမှာ Sheet Pile တွေကို အောင်မြင်စွာ ရိုက်သွင်းနိုင်ခဲ့ပြီး ရေဝင်လမ်းကြောင်းကို အဟန့်အတားပြုလုပ်နိုင်တဲ့ အခြေအနေ ရရှိလာပြီဖြစ်ပါတယ်။
လက်ရှိမှာ ရိုက်သွင်းပြီးသား Sheet Pile တွေနဲ့ တာတမံ ရေရှည်ခိုင်မာတောင့်တင်းစေရေးအတွက် လိုအပ်တဲ့ အားဖြည့်လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပြီး ကျန်ရှိတဲ့ ရေတား၊ ရေပိတ်လုပ်ငန်းစဉ်တွေကိုလည်း အပြီးသတ်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Ayerwaddy Region Government
