Logo
Thursday, May 14, 2026
Back to Home
International News

ခွေးလေး အာလောက၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း သီရိလင်္ကာတွင်စတင်ပြီဖြစ်

By AdminApril 24, 2026
ခွေးလေး အာလောက၏ ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း သီရိလင်္ကာတွင်စတင်ပြီဖြစ်

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဗုဒ္ဓဘာသာရဟန်းတော်များအဖွဲ့သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူမျိုးပေါင်းစုံအကြား သဟဇာတဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် သီရိလင်္ကာနိုင်ငံ၌ ငါးရက်ကြာ "ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း" (Walk for Peace) ခရီးစဉ်ကို ဧပြီလ ၂၂ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်သည်။
ဗီယက်နမ်လူမျိုး ရဟန်းတော် ပညာကာရ (Pannakara) ဦးဆောင်သည့် ရဟန်းတော် (၁၃) ပါးအဖွဲ့သည် သီရိလင်္ကာနိုင်ငံ၏ မြို့တော် ကိုလံဘိုမြို့မှ ကီလိုမီတာ ၁၆၀ ခန့်ကွာဝေးသော ဒမ်ဘူလာ (Dambulla) မြို့ရှိ သမိုင်းဝင်ဘုရားကျောင်းမှ ခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှင့်အတူ ကမ္ဘာတစ်ဝန်း ကျော်ကြားသည့် အလိုကာ (Aloka) အမည်ရှိ ခွေးတစ်ကောင်လည်း လိုက်ပါလျက်ရှိသည်။ ရဟန်းတော် ပညာကာရသည် ယခင်က အမေရိကန်ပြည်ထောင်စုတွင် တက္ကဆက်ပြည်နယ်မှ ဝါရှင်တန်ဒီစီအထိ ကီလိုမီတာ ၃,၇၀၀ ခရီးကို ရက်ပေါင်း ၁၀၈ ရက်ကြာ ပြင်းထန်သော ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစွာ လမ်းလျှောက်၍ "ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း" ကို အောင်မြင်စွာ ဦးဆောင်ခဲ့ဖူးသူဖြစ်သည်။
ဒမ်ဘူလာမြို့တွင် ခရီးစဉ်စတင်သည့်နေ့၌ ဒေသခံရွာသူရွာသားများသည် ရဟန်းတော်များ ကြွချီမည့်လမ်းကြောင်းတွင် ငှက်ပျောဖက်များခင်းကာ ရိုသေစွာကြိုဆိုခဲ့ကြပြီး၊ လမ်းတစ်လျှောက်တွင်လည်း ဒေသခံများက ပန်းကုံးများစွပ်၍ လှိုက်လှဲစွာ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ဒမ်ဘူလာမြို့မှ အသက် ၅၄ နှစ်အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူ အရိယဒါသ ဘန်ဒါရက ဤခရီးစဉ်သည် လက်ရှိကမ္ဘာနှင့် သီရိလင်္ကာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် အခြေအနေများတွင် အလွန်ပင် အချိန်ကိုက်ဖြစ်ကြောင်း၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဤခရီးစဉ်သည် ကမ္ဘာကြီးကို ကုစားရန်အတွက် တရားကျင့်စဉ်တစ်ခုကဲ့သို့ဖြစ်ပြီး၊ ပြည်သူများ ရင်ဆိုင်နေရသော အခက်အခဲများကြားတွင် ငြိမ်းချမ်းရေးသည်သာ ရေရှည်အတွက် တစ်ခုတည်းသော အဖြေဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း ခရီးစဉ်တွင် မတူညီသော ဘာသာဝင်များမှ လူငယ်အဖွဲ့များကလည်း လိုအပ်သည့် ပြင်ဆင်မှုများတွင် ကူညီပေးလျက်ရှိသည်။ ရဟန်းတော်များအဖွဲ့သည် ဒမ်ဘူလာမြို့မှ စတင်ပြီး နာအူလာ၊ မာတာလေး၊ ကန္ဒီ၊ ကဒုဂန်နာဝ၊ ကေဂလ၊ သိုလန်ဂါမူဝ၊ ကာဂျူဂါမ၊ ယက်ကာလာ၊ မဟာရနှင့် ကေလာနိယမြို့များကို ဖြတ်သန်းကာ ဧပြီလ ၂၈ ရက်နေ့တွင် မြို့တော် ကိုလံဘိုရှိ လွတ်လပ်ရေးရင်ပြင်သို့ ရောက်ရှိမည်ဖြစ်သည်။
ရဟန်းတော် ပညာကာရက ဤငြိမ်းချမ်းရေးခရီးစဉ်၏ အဓိကရည်ရွယ်ချက်နှင့် ပတ်သက်၍ မိန့်ကြားရာတွင် "ငြိမ်းချမ်းရေးဆိုသည်မှာ နိုင်ငံများ သို့မဟုတ် အဖွဲ့အစည်းများအကြားမှ စတင်ရမည့်အရာ မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦးအကြား၊ မိမိကိုယ်တိုင်မှ စတင်ရမည့်အရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကြည့်ရှုဆင်ခြင်ပြီး မိမိ၏ အသက်ရှူသံနှင့် နှလုံးခုန်သံကို ခံစားတတ်ရန် လိုအပ်သည်" ဟု အလေးပေးပြောကြားခဲ့သည်။
#အာလောက #လမ်းလျှောက် #ငြိမ်းချမ်းရေး #သုတရသ #သုတမြေ