Logo
Sunday, November 8, 2026
Back to Home
International News

Star Trek နှင့် X-Men မင်းသားကြီး ပက်ထရစ်စတီးဝပ် အသက် ၈၆ နှစ်တွင် ကွယ်လွန်

By Admin•November 1, 2026
Star Trek နှင့် X-Men မင်းသားကြီး ပက်ထရစ်စတီးဝပ် အသက် ၈၆ နှစ်တွင် ကွယ်လွန်

Star Trek နှင့် X-Men ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဗြိတိန်မင်းသားကြီး ဆာပက်ထရစ်စတီးဝပ်သည် အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူ ကယ်လီဘုရှ်နိုဗက်က အတည်ပြုခဲ့သည်။

မင်းသားကြီးသည် အယ်လ်ဇိုင်းမားရောဂါနှင့် Lewy Body Dementia ဟုခေါ်သည့် ဦးနှောက်အာရုံကြောဆိုင်ရာ တဖြည်းဖြည်းဆိုးရွားလာသော ရောဂါနှစ်မျိုးကို ခံစားခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့ညပိုင်းတွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါရောဂါနှစ်မျိုးစလုံးသည် တဖြည်းဖြည်းဆိုးရွားလာနိုင်ပြီး လက်ရှိတွင် ပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်းမရှိသေးပေ။

863060849_2227172878141034_1032419982743597713_n

မိသားစု၏ ထုတ်ပြန်ချက်တွင် ၎င်းကွယ်လွန်ချိန်၌ မိသားစုနှင့် မိတ်ဆွေများ၏ ချစ်ခင်ဝန်းရံမှုကို ရရှိခဲ့ပြီး တေးဂီတ၊ ဆုတောင်းခြင်း၊ မျက်ရည်များနှင့် ရယ်မောပျော်ရွှင်မှုများကြားတွင် ငြိမ်းချမ်းစွာ နောက်ဆုံးအချိန်ကို ဖြတ်သန်းခဲ့ကြောင်း ဖော်ပြထားသည်။

ပက်ထရစ်စတီးဝပ်သည် ၁၉၈၇ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ထုတ်လွှင့်ခဲ့သည့် နာမည်ကျော် သိပ္ပံစိတ်ကူးယဉ်ရုပ်သံဇာတ်လမ်းတွဲ Star Trek: The Next Generation တွင် အာကာသယာဉ် Enterprise ၏ တပ်မှူး Captain Jean-Luc Picard အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ ကမ္ဘာတစ်ဝန်း ကျော်ကြားလာခဲ့သူဖြစ်သည်။

856583958_2888906248157194_8650930049991039823_n

အဆိုပါဇာတ်လမ်းတွဲတွင် အာကာသအတွင်း မကောင်းဆိုးဝါးအင်အားစုများကို ရင်ဆိုင်တိုက်ခိုက်သည့် အာကာသယာဉ်အမှုထမ်းများ၏ စွန့်စားခန်းများကို ရိုက်ကူးတင်ဆက်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ဇာတ်လမ်းတွဲခွဲများစွာ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏နောက်ဆုံးအကြိမ် Captain Picard အဖြစ် ပြန်လည်ပါဝင်ခဲ့သည့် ဇာတ်လမ်းတွဲမှာ ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အထိ ထုတ်လွှင့်ခဲ့သော Star Trek: Picard ဖြစ်သည်။

ထို့အပြင် X-Men ရုပ်ရှင်ဇာတ်ကားများတွင်လည်း မျိုးဗီဇပြောင်းလဲမှုကြောင့် ထူးခြားသောစွမ်းအားများ ရရှိထားသည့် လူငယ်များကို လမ်းညွှန်ပေးသော ပါမောက္ခ Charles Xavier အဖြစ် သရုပ်ဆောင်ခဲ့ပြီး မင်းသားကြီး အီယန်မက်ကယ်လန်နှင့်အတူ ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။

871000223_1121660080734715_1971915232534786155_n

မင်းသားကြီး ပက်ထရစ်စတီးဝပ် ကွယ်လွန်မှုအပေါ် မူလ Star Trek ဇာတ်လမ်းတွဲတွင် အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့သည့် မင်းသားကြီး ဝီလျံရှက်နာကလည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

ဝီလျံရှက်နာက ပက်ထရစ်စတီးဝပ်သည် မိတ်ဆွေတစ်ဦး၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့်အပြင် ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်တစ်ဦးဖြစ်ကြောင်း၊ ၎င်းပါဝင်ဆောင်ရွက်ခဲ့သည့် အရာတိုင်းတွင် ဉာဏ်ပညာ၊ တည်ငြိမ်ခန့်ညားမှုနှင့် လူသားဆန်မှုတို့ကို ဖော်ဆောင်နိုင်ခဲ့သူဖြစ်ကြောင်း ဂုဏ်ပြုရေးသားခဲ့သည်။

861538892_1128691466780393_2417616803545802121_n

အလားတူ ၎င်းနှင့် နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သည့် မင်းသားကြီး အီယန်မက်ကယ်လန်ကလည်း ပက်ထရစ်စတီးဝပ်အတွက် ဝမ်းနည်းဂုဏ်ပြုစကား ရေးသားခဲ့ပြီး ၎င်းတို့နှစ်ဦးသည် X-Men ရုပ်ရှင်များတွင် အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြသည့်အပြင် ၂၀၀၉ ခုနှစ်တွင် Waiting for Godot ပြဇာတ်၌လည်း အတူပါဝင်ခဲ့ကြသည်။

ပက်ထရစ်စတီးဝပ်သည် Star Trek နှင့် X-Men ဇာတ်ကားများမှတစ်ဆင့် ကမ္ဘာတစ်ဝန်း ပရိသတ်များ၏ ချစ်ခင်လေးစားမှုကို ရရှိခဲ့သည့်အပြင် ဗြိတိန်ပြဇာတ်လောကတွင်လည်း ထူးချွန်သည့် သရုပ်ဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသူဖြစ်သည်။

BBC news

Photos - ဇာတ်ဝင်ခန်းအချို့မှ ဓာတ်ပုံများ

#သုတမြေ #xmen #Movies #StarTrek #actor #CelebrityNews #နာမည်ကျော်