Starbucks ဆိုင် ၂၅၀ ခန့် ပိတ်သိမ်းမည်
Starbucks သည် ယခုသီတင်းပတ်အတွင်း မြောက်အမေရိကရှိ ကော်ဖီဆိုင်ခွဲ ၂၅၀ ခန့်ကို ပိတ်သိမ်းရန် စီစဉ်နေကြောင်း Associated Press (AP) က ဖော်ပြထားသည်။ ပိတ်သိမ်းမည့် ဆိုင်များ၏ တိကျသောနေရာများကိုမူ ကုမ္ပဏီက ထုတ်ပြန်ခြင်းမရှိသေးပါ။
ယခုအစီအစဉ်သည် ၂၀၂၄ ခုနှစ်တွင် CEO ဖြစ်လာသည့် Brian Niccol လက်ထက် ဒုတိယအကြိမ်မြောက် ဆိုင်ပိတ်သိမ်းမှုကြီးဖြစ်ပြီး၊ ပြီးခဲ့သည့် စက်တင်ဘာလကလည်း မြောက်အမေရိကနှင့် ဥရောပရှိ ဆိုင် ၆၂၇ ဆိုင်ကို ပိတ်ခဲ့သည်။
Starbucks COO Mike Grams က ပိတ်သိမ်းမည့်ဆိုင်များသည် ငွေကြေးရလဒ် မကောင်းမွန်ခြင်း သို့မဟုတ် ဖောက်သည်နှင့် ဝန်ထမ်းများအတွက် ကုမ္ပဏီမျှော်မှန်းထားသည့် အတွေ့အကြုံကို မပေးနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောကြားထားသည်။
ထိခိုက်မည့် ဝန်ထမ်းများကို ဖြစ်နိုင်ပါက အခြားဆိုင်များသို့ ပြောင်းရွှေ့ပေးမည်ဖြစ်ပြီး၊ မဖြစ်နိုင်ပါက နစ်နာကြေးနှင့် အလုပ်ခွဲခွာမှုဆိုင်ရာ အကျိုးခံစားခွင့်များ ပေးမည်ဟု Starbucks က ဆိုသည်။
ထို့အပြင် မြောက်အမေရိကရှိ ဆိုင် ၁,၅၀၀ ကို ယခုဘဏ္ဍာရေးနှစ်ကုန် စက်တင်ဘာ ၃၀ မတိုင်မီ ပြုပြင်မွမ်းမံရန် စီစဉ်ထားသည်။
ယခုဆိုင်ပိတ်သိမ်းမှုအတွက် Starbucks သည် ပြန်လည်ဖွဲ့စည်းရေးကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ ကုမ္ပဏီသည် ကော်ပိုရိတ်ဝန်ထမ်းများကိုလည်း လျှော့ချနေပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ဝန်ထမ်း ၉၀၀ နှင့် ယခုနှစ် မေလတွင် ၃၀၀ ထပ်မံ လျှော့ချခဲ့သည်။
