Logo
Monday, November 9, 2026
Back to Home
Local News

System Breakdown ဖြစ်ပွားကာ နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်ခဲ့

By Admin•September 11, 2026
System Breakdown ဖြစ်ပွားကာ နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်ခဲ့

မြန်မာနိုင်ငံတစ်ဝန်းတွင် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ ဓာတ်အားပေးစနစ် ချို့ယွင်းမှု (System Breakdown) နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ပထမအကြိမ် System Breakdown မှာ နံနက် ၆ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး ၂၃၀ ကေဗွီ သပြေဝ–တောင်တွင်းကြီး ဓာတ်အားလိုင်းတွင် အပြစ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထားပါတယ်။

ဓာတ်အားပြန်လည်ရရှိရန် ပြုပြင်ဆောင်ရွက်မှုမှာ ၂ နာရီဝန်းကျင် ကြာမြင့်နိုင်ကြောင်း YESC က ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့ရှိ နေရာအချို့တွင်သာ မီးပြန်လည်ရရှိခဲ့ပြီး ဒေသအများအပြားမှာ မီးပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။

မြောက်ဒဂုံမြို့နယ် ဒေသခံတစ်ဦး၏ ပြောကြားချက်အရ မနက် ၆ နာရီဝန်းကျင်ကတည်းက မီးပြတ်တောက်ခဲ့ပြီး ၁၀ နာရီခွဲခန့်တွင် မီးပြန်လာခဲ့သော်လည်း နေ့လယ် ၁ နာရီဝန်းကျင်တွင် ထပ်မံပြတ်တောက်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်တွင်လည်း နံနက် ၆ နာရီ ၃၆ မိနစ်တွင် ပထမအကြိမ် System Breakdown ဖြစ်ပွားခဲ့ပြီး ၁၀ နာရီ ၄၅ မိနစ်တွင် မီးပြန်လည်ရရှိခဲ့ကာ မွန်းလွဲ ၁ နာရီ ၂၆ မိနစ်တွင် System Breakdown ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ အသိပေးချက်အရ သိရပါတယ်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံအချို့ကတော့ မနက် ၆ နာရီဝန်းကျင်ကတည်းက မီးပြတ်တောက်ခဲ့ပြီး ညနေပိုင်းအထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း ပြောပါတယ်။ သန်လျင်မြို့နယ်တွင်လည်း မနက်ပိုင်းက မီးပြန်လာပြီးနောက် ၁၀ နာရီ ၄ မိနစ်ခန့်တွင် ထပ်မံပြတ်တောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

အခြားဒေသများတွင်မူ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ နေ့လယ် ၂ နာရီဝန်းကျင်တွင် မီးပြန်လည်ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးပြတ်တောက်မှုကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အများပြည်သူ၏ လူနေမှုဘဝများအပေါ် အခက်အခဲများ ဖြစ်ပေါ်နေပြီး လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ထမ်းများက ပြုပြင်ဆောင်ရွက်နေကြောင်း သိရပါတယ်။

#သုတမြေ #လျှပ်စစ်မီး #မီးပြတ် #ပြည်တွင်းသတင်း