တိုးဂိတ်တန်းစီစရာမလိုသည့် TollPass RFID စနစ် အမြန်လမ်းတွင် စတင်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကြိုတင်ငွေဖြည့်သွင်းကာ အလိုအလျောက် လမ်းအသုံးပြုခပေးချေနိုင်သည့် Toll Pass RFID စနစ်ကို စက်တင်ဘာ ၁၇ ရက်မှစတင်ကာ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သိရသည်။
Toll Pass တပ်ဆင်လိုသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် စမတ်ဖုန်း၊ တပ်ဆင်မည့်ယာဉ်နှင့် ကညနယာဉ်မှတ်ပုံတင် (ဝှီးတက်) ယူဆောင်ကာ တိုးဂိတ်များရှိ Toll Pass Counter များတွင် လျှောက်ထားနိုင်သည်။ RFID Sticker နှင့် တစ်နှစ်စာဝန်ဆောင်ခအတွက် ကျပ် ၂၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး TollPass Unit (TPU) အတွက် အနည်းဆုံး ကျပ် ၅၀,၀၀၀ ကြိုတင်ငွေဖြည့်သွင်းရမည်ဖြစ်သည်။
အဆိုပါစနစ်ကို ရန်ကုန်-မန္တလေး အမြန်လမ်းရှိ အမှတ်(၃) တိုးဂိတ် (ဝမိုင် ၇ ဖာလုံ)၊ စီလမ်းဆုံတိုးဂိတ် (၂၀၁ မိုင် ၃ ဖာလုံ) နှင့် စကားအင်းတိုးဂိတ် (၃၅၂ မိုင် ၄ ဖာလုံ) တို့တွင် ကနဦး ဝန်ဆောင်မှုပေးနေသည်။
Toll Pass တပ်ဆင်ထားသည့်ယာဉ်များအနေဖြင့် သီးသန့် TollPass လမ်းကြောင်းမှ ဖြတ်သန်းရာတွင် တစ်နာရီလျှင် ၂၀ ကီလိုမီတာထက် မပိုသည့်အမြန်နှုန်းဖြင့် မောင်းနှင်ရမည်ဖြစ်ပြီး တိုးဂိတ်အနီးရောက်ပါက အတားအဆီးတံခါး အလိုအလျောက်ဖွင့်ပေးသဖြင့် ငွေပေးချေရန် တန်းစီစောင့်ဆိုင်းစရာ မလိုတော့ကြောင်း သိရသည်။
လက်ရှိတွင် Toll Pass ရောင်းချတပ်ဆင်ရာ၌ ငွေသားဖြင့်သာ ပေးချေနိုင်သေးသော်လည်း မကြာမီ MMQR၊ KBZ Pay၊ AYA Pay နှင့် WavePay တို့နှင့် ချိတ်ဆက်ကာ အွန်လိုင်းမှ ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် မိုဘိုင်းအက်ပလီကေးရှင်းမှ လက်ကျန်ငွေနှင့် ဖြတ်သန်းမှုမှတ်တမ်းများကို စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
