ထိုင်းရောက် မြန်မာလုပ်သားတစ်ဦး စက်ရုံမတော်တဆမှုကြောင့် အသက်ဆုံးရှုံး၊ WAG အဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိ

ထိုင်းနိုင်ငံ၊ ရယောင်းခရိုင် (Rayong)၊ ဘန်ချန်မြို့နယ်ရှိ အဟောင်းပစ္စည်းပြန်လည်အသုံးပြုသည့်စက်ရုံ (Recycling Plant) တစ်ခုတွင် လုပ်ငန်းခွင်ဝင်ရောက်နေသည့် မြန်မာလုပ်သားတစ်ဦး ယနေ့နံနက်ပိုင်းက အလေးချိန်စီးသည့် ပစ္စည်းများပိမိကာ လုပ်ငန်းခွင်မတော်တဆမှုဖြင့် အသက်ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။
အခင်းဖြစ်ပွားပုံမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်ခန့်တွင် အဆိုပါစက်ရုံအတွင်း အလုပ်လုပ်ကိုင်နေစဉ် အထက်မှ အလေးချိန်စီးသည့် စက္ကူဖာထုပ်များ ပြုတ်ကျလာပြီး အောက်တွင်ရှိနေသည့် မြန်မာအလုပ်သမား အမျိုးသမီးအား ပိမိခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် အသက် (၂၉) နှစ်အရွယ်ရှိ မအေးသူဇာမှာ ရရှိသောဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း အလုပ်သမားအသိုင်းအဝိုင်းမှ သိရသည်။
သေဆုံးသူ မအေးသူဇာသည် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပလွန်စာကျေးရွာ ဇာတိဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံသို့ တရားဝင်အထောက်အထားများဖြစ်သည့် ဘတ်စာရွက်နှင့် PJ (Passport for Job) စာအုပ်တို့ကို ကိုင်ဆောင်၍ လာရောက်လုပ်ကိုင်နေသူဖြစ်သည်။ ၎င်းအနေဖြင့် အဆိုပါစက်ရုံတွင် အလုပ်စတင်ဝင်ရောက်သည်မှာ (၄) ရက်ခန့်သာ ရှိသေးချိန်တွင် ယခုကဲ့သို့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့် မောင်နှမများမှာ ပြည်ပနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် သေမှုသေခင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို နားမလည်ကြသဖြင့် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG (Workers Alliance Group) အလုပ်သမားမဟာမိတ်အဖွဲ့ထံသို့ ဆက်သွယ်အကူအညီ တောင်းခံခဲ့သည်။
WAG အဖွဲ့အနေဖြင့် အဆိုပါအကူအညီတောင်းခံမှုကို ယနေ့ ဧပြီလ ၉ ရက်၊ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် လက်ခံရရှိခဲ့ပြီး သေဆုံးသူအတွက် ထိုက်သင့်သည့် နစ်နာကြေးနှင့် အလုပ်သမားအခွင့်အရေးများ ရရှိစေရန်၊ ရုပ်အလောင်းအား မိသားစုထံသို့ ပြန်လည်လွှဲပြောင်းနိုင်ရန်အတွက် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ၊ စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
