၃.၅ မီတာရှည်တဲ့ ငါးမန်းကြောင့် ဘူဆန်မြို့ Waterfront Park လူပြည့်
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့က ရေလမ်းကြောင်းတစ်ခုဟာ အခုရက်ပိုင်းအတွင်း မထင်မှတ်ဘဲ လူစည်ကားတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ အကြောင်းရင်းကတော့ ပင်လယ်ထဲကနေ လမ်းမှားဝင်လာပုံရတဲ့ အရှည် ၃.၅ မီတာခန့်ရှိ ဧရာမငါးမန်းတစ်ကောင်ကြောင့် ဖြစ်ပါတယ်။
အဆိုပါငါးမန်းကို စက်တင်ဘာ ၁၈ ရက်က North Port Waterfront Park အတွင်းရှိ ရေလမ်းကြောင်းမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းရက်တွေမှာလည်း အဲဒီနေရာအတွင်း ဆက်လက်ကူးခတ်နေခဲ့ပါတယ်။
ပင်လယ်ပြင်ကို ပြန်ထွက်နိုင်မယ့်လမ်းကြောင်း မတွေ့သေးပုံရတဲ့ ငါးမန်းကို မြင်တွေ့ဖို့အတွက် ဒေသခံတွေနဲ့ ခရီးသွားတွေဟာ ရေလမ်းဘေးမှာ စုဝေးလာကြပါတယ်။ လူအများအပြားက ငါးမန်းရဲ့ လှုပ်ရှားမှုတွေကို ဖုန်းတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခဲ့ကြပါတယ်။
ဒေသအာဏာပိုင်တွေရဲ့ အချက်အလက်တွေကို ကိုးကားပြီး တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြချက်အရ စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက် နှစ်ရက်အတွင်း ပန်းခြံကို လာရောက်သူဦးရေဟာ ၂၀,၀၀၀ ခန့်အထိ ရှိခဲ့ပါတယ်။ ပုံမှန်ဆိုရင် တစ်နေ့လျှင် လူ ၂,၀၀၀ ဝန်းကျင်သာ လာရောက်တဲ့နေရာ ဖြစ်ပါတယ်။
ငါးမန်းကို စောင့်ကြည့်လိုသူတွေ ဆက်လက်များပြားနေတဲ့အတွက် နောက်တစ်ရက်ဖြစ်တဲ့ တနင်္လာနေ့မှာလည်း လူ ၁၀,၀၀၀ ခန့် ထပ်မံလာရောက်ခဲ့ကြပါတယ်။
ထူးခြားတာကတော့ လူတွေ ရေလမ်းဘေးမှာ စုဝေးလာတဲ့အချိန်တိုင်း ငါးမန်းကလည်း အဲဒီဘက်ကို ပြန်လည်ကူးခတ်လာလေ့ရှိတာကြောင့် ကြည့်ရှုသူတွေအတွက် စိတ်လှုပ်ရှားစရာ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့တာပါ။
ပုံမှန်အေးဆေးနေတဲ့ ဘူဆန် ရဲ့ Waterfront Park ဟာ ငါးမန်းတစ်ကောင်ကြောင့် ရက်ပိုင်းအတွင်း လူသောင်းချီ လာရောက်ကြည့်ရှုတဲ့ ထူးခြားတဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
