ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁ ဦးရှိလာ၊ အကြီးအကျယ် ကူးစက်နိုင်ခြေမရှိဟု WHO ပြော

MV ဟွန်ဒီးယပ်စ် အပျော်စီး ပင်လယ်ကူး ခရီးသည်တင်သင်္ဘောနဲ့ ဆက်စပ်ပြီး ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁ ယောက် ရှိသွားပြီဖြစ်ပြီး အဲဒီထဲမှာ အန်းဒီးစ်မျိုးကွဲ ဗိုင်းရပ်စ် အတည်ပြုလူနာ ၉ ယောက်နဲ့ သံသယလူနာ ၂ ယောက် ပါဝင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသင်္ဘောပေါ်မှာ နိုင်ငံပေါင်း ၂၀ ကျော်က ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း စုစုပေါင်း ၁၅၀ လောက် ရှိခဲ့ပြီး ဖိလစ်ပိုင်က ၃၈ ယောက်၊ ဗြိတိန်က ၂၃ ယောက်၊ အမေရိကန်က ၁၇ ယောက်၊ စပိန်က ၁၄ ယောက် အပါအဝင် နိုင်ငံတော်တော်များများက လူတွေ ပါဝင်ခဲ့ပါတယ်။
မက်ဒရစ်မြို့မှာ စပိန်အစိုးရနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒီဗိုင်းရပ်စ်ဟာ လူအချင်းချင်း ကူးစက်ဖို့ မလွယ်ကူတာကြောင့် လက်ရှိမှာ အကြီးအကျယ် ကူးစက်ပြန့်ပွားမဲ့ လက္ခဏာ မတွေ့ရသေးပါဘူးလို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အဒ်ဟာနွမ် ဂေဘရီယက်ဆု က ပြောပါတယ်။
စပိန်ဝန်ကြီးချုပ်ကလည်း သင်္ဘောပေါ်ကဆင်းလာတဲ့ ခရီးသည်တွေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပြီး သင်္ဘောကို ဆိုက်ကပ်ခွင့်ပေးခဲ့တဲ့အတွက် WHO ဘက်က ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ သင်္ဘောနဲ့ပတ်သက်တဲ့ အတည်ပြုလူနာနဲ့ သံသယလူနာအားလုံးကို သီးသန့်ခွဲထားပြီးဖြစ်လို့ ထပ်ဆင့်ကူးစက်နိုင်ခြေ နည်းသွားပြီ ဖြစ်သလို မေ ၂ ရက် နောက်ပိုင်း ထပ်တိုးသေဆုံးသူ မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ WHO တာဝန်ရှိသူတွေက သတိပေးချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ သင်္ဘောပေါ်ကလူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးပြီးပြီ ဆိုပေမဲ့ ဒီဗိုင်းရပ်စ်ရဲ့ ရောဂါပျိုးချိန်က ရှည်လျားတာကြောင့် နောက်ထပ် ကူးစက်ခံရသူတွေ ထပ်ထွက်လာနိုင်သေးကြောင်းနဲ့ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။
ကွာရန်တင်း (သီးသန့်ခွဲထားခြင်း) လုပ်ထုံးလုပ်နည်းတွေကို နိုင်ငံတခုချင်းစီက ကိုယ်ပိုင်ဆုံးဖြတ်ရမှာဖြစ်ပြီး WHO အနေနဲ့ အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ခရီးသည်တွေအားလုံး ဆင်းသွားကြပြီဖြစ်လို့ သင်္ဘောဟာ နယ်သာလန်ကို ပြန်ဖို့ ထွက်ခွာသွားပါပြီ။
လက်ရှိမှာ သင်္ဘောသား ၂၅ ယောက်၊ ဆရာဝန်တယောက်နဲ့ သူနာပြုတယောက်ပဲ လိုက်ပါသွားပြီး မေ ၁၇ ရက်မှာ ရော့တာဒမ်ကို ဆိုက်ရောက်မှာပါ။
ဟန်တာဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် ရောဂါပိုးရှိတဲ့ ကြွက်တွေရဲ့ တံတွေး၊ ဆီး၊ မစင်တွေကနေတဆင့် ကူးစက်တာဖြစ်ပြီး အဲဒီအညစ်အကြေးတွေကနေ လေထဲပျံ့လာတဲ့ အမှုန်တွေကို ရှူမိရာကနေ လူတွေဆီ ကူးစက်တတ်တာ ဖြစ်ပါတယ်။
