ဘားအံမြို့ ရာဘာမှိုင်းခံစက်ရုံ မီးလောင်မှု အဆောက်အဦတစ်လုံး ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံး
ကရင်ပြည်နယ်၊ ဘားအံမြို့ ဘားအံစက်မှုဇုန်၊ ဘိုးဘွားရိပ်သာလမ်းရှိ ရာဘာမှိုင်းခံစက်ရုံတွင် အောက်တိုဘာ ၃၀ ရက် နံနက် ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆောက်အဦတစ်လုံး၏ ၇၀ ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ ရာဘာမှိုင်းခံရာမှ ဖြစ်ပေါ်လာသည့် အပူရှိန်ကြောင့် ရာဘာပြားများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာန၊ ဘားအံခရိုင်နှင့် မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ အမြှုပ်မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များအပြင် လူမှုကယ်ဆယ်ရေးအသင်းများမှ ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်အတွင်း လမ်းအခြေအနေကြမ်းတမ်းမှုကြောင့် မီးငြှိမ်းသတ်ရေးအတွက် အခက်အခဲရှိခဲ့ပြီး ဘားအံမြို့အတွင်းရှိ ရေသယ်ယာဉ်များလည်း ဝိုင်းဝန်းကူညီခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင်လည်း လှိုင်းဘွဲမြို့၊ (ခ) ရပ်ကွက်၊ အာဇာနည်လမ်းရှိ လူမနေသော နေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ်တစ်လုံးသို့ မီးကူးစက်ခဲ့သဖြင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှစ်ခုစလုံး၏ ဖြစ်စဉ်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Photo - MFSD
