Logo
Thursday, May 14, 2026
Back to Home
Local News

သင်္ကြန်ပိတ်ရက်အတွင်း YBS ပြေးဆွဲမည့်ယာဉ်များအား ထုတ်ပြန်

By AdminApril 6, 2026
သင်္ကြန်ပိတ်ရက်အတွင်း YBS ပြေးဆွဲမည့်ယာဉ်များအား ထုတ်ပြန်

သင်္ကြန်ပိတ်ရက်ကာလအတွင်း မြို့တွင်း သွားလာရန် လိုအပ်နေသော ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ YBS ဘတ်စ်ကားများကို အထူးအစီအစဉ်ဖြင့် ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ အသိပေးထားပါတယ်။
ယင်းအစီအစဉ်အရ သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ အတက်နေ့ဖြစ်သော ဧပြီ ၁၇ ရက်အထိ YBS ကုမ္ပဏီ ၁၅ ခုမှ ယာဉ်လိုင်း ၇၁ လိုင်းကို အသုံးပြုကာ ဘတ်စ်ကားအစီးရေ ၁၀၀၀ ကျော်ဖြင့် ဆက်တိုက်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ထို့အပြင် ပြေးဆွဲမည့် လိုင်းများတွင် YBS ၁၊ ၅၊ ၆၊ ၉၊ ၁၂၊ ၁၈၊ ၁၉၊ ၂၃၊ ၂၇၊ ၃၃၊ ၃၄၊ ၃၅၊ ၃၇၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၅၂၊ ၅၃၊ ၅၄၊ ၆၁၊ ၆၂၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈၊ ၇၀၊ ၇၁၊ ၇၂၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၇၉၊ ၈၁၊ ၈၄၊ ၈၅၊ ၈၇၊ ၈၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၁၀၃၊ ၁၀၆၊ ၁၀၇၊ ၁၁၁၊ ၁၁၉၊ ၁၂၀၊ ၁၂၃၊ ၁၂၄၊ ၁၂၆၊ ၁၂၉၊ ၁၃၀၊ ၁၃၁၊ ၁၃၂၊ ၁၃၃၊ ၁၃၄၊ ၁၃၆၊ ၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၄၂ နှင့် ၁၄၄ စသည့် လိုင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။
ရွေးချယ်ထားသည့် ယာဉ်လိုင်းများသည် YBS ၁ မှ ၁၄၄ အတွင်းမှ အရေးပါသည့် လမ်းကြောင်းများကို ဖုံးလွှမ်းနိုင်စေရန် စီစဉ်ထားခြင်းဖြစ်ပြီး သင်္ကြန်ကာလအတွင်း အရေးပေါ်သွားလာရသူများအတွက် အဓိက ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားပါတယ်။
တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သင်္ကြန်ကာလသည် ရုံးပိတ်ရက်ရှည်ဖြစ်သော်လည်း လုပ်ငန်းဆိုင်ရာ သို့မဟုတ် မဖြစ်မနေ သွားလာရသူများ ရှိနေသဖြင့် ယာဉ်ဝန်ဆောင်မှု မပြတ်တောက်စေရန် အထူးစီမံထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် နှစ်ဆန်း ၂ ရက်နေ့ခန့်တွင် ယာဉ်လိုင်းများအားလုံးကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပါတယ်။
ထို့အပြင် သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့် ယာဉ်များအနေဖြင့် ယာဉ်စီးခများကို ပုံမှန်နှုန်းထားအတိုင်းသာ ကောက်ခံရန် ညွှန်ကြားထားပြီး သတ်မှတ်နှုန်းထားထက် ကျော်လွန်ကောက်ခံမှုများ ရှိပါက သက်ဆိုင်ရာ ယာဉ်လိုင်းနံပါတ်နှင့် ယာဉ်နံပါတ်များကို အသုံးပြု၍ တိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။
ယခုအခါ ပုံမှန်ပြေးဆွဲလျက်ရှိသော YBS စနစ်တွင် ကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၁ လိုင်းနှင့် ယာဉ်အစီးရေ ၅၄၆၂ စီးဖြင့် နေ့စဉ် ခရီးသည် ၁ ဒသမ ၅ သန်းကျော်အား သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်။